စံပြဇာတ်ဆောင် (ကိုမြင့်မောင်များနှင့် လတ်ငြိမ်းများသို့ ဂုဏ်ပြုအမှတ်တရ)

ပန်းသွန်းသွန်းခက်

 

ကိုဗစ်ကြောင့် အိမ်မှာနေရသောအချိန်များတွင် စာဖတ်လိုက်၊ သတင်းကြည့်လိုက်နှင့် အချိန်တွေကို အသုံးချ ဖြစ်နေသည်။ သတင်းများကိုကြည့်ရင်း ကိုဗစ်ရောဂါပိုး ရှိသူများတွေ့သည့် ဆေးရုံများတွင် နေ့မနား ညမနား သွားရောက်တာဝန်ထမ်းဆောင်နေကြသော၊ စေတနာ့ ဝန်ထမ်းတွေအဖြစ် သွားရောက်ရန် ဆုံးဖြတ်ကြသော ဆရာဝန်များ၊ သူနာပြုများ၏ ပုံရိပ်များ၊ သတင်းများကို တွေ့ရမြင်ရတော့ ကြည်နူးဂုဏ်ယူ ဝမ်းသာမိသည်။ ရှေ့တန်းမှ ကာကွယ်တိုက်ပွဲဝင်နေကြသော သူတို့တွေကို စာနာသောအားဖြင့် ကိုယ်ကိုယ်တိုင် တတ်နိုင်သရွေ့ အိမ်ထဲမှာနေဖြစ်ရင်း အပျင်းပြေအဖြစ် ဝတ္ထုများ ဖတ်ဖြစ်သည်။ ဝတ္ထုဖတ်ရင်းမှ ဝတ္ထုထဲမှ ဇာတ်ဆောင်များ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ စဉ်းစားကြည့်မိပြန်သည်။

 

ဇာတ်ဆောင်ဆိုသည်မှာ “ဇာတ်လမ်းတွင် ပါဝင် လှုပ်ရှားသူ” ဟု ကျွန်မတို့ သင်ခဲ့ဖူး၊ မှတ်သားခဲ့ဖူးသည်။ ဝတ္ထုရေးဆရာများသည် ဇာတ်ဆောင်များကို ဖန်တီးသည့်နေရာတွင် လူသားအားလုံးအတွက် အားကျ အတုယူစရာ စံပြဇာတ်ဆောင်တွေကို အများအားဖြင့် ဖန်တီးလေ့ရှိကြကြောင်း သတိရမိပြန်သည်။ စံပြဇာတ်ဆောင်များသည် သာမန်လူတို့မရှိနိုင်သော အကျင့်စရိုက်များ၊ တစ်နည်းအားဖြင့် သာမန်လူများထက် ထူးခြားသော စရိုက်များကို ပိုင်ဆိုင်ထားတတ်ကြပြီး လူ့လောကကို တစ်နည်းမဟုတ် တစ်နည်း အကျိုးပြုနေသူဖြစ်နေတတ်သည်။ ဝတ္ထုတစ်ပုဒ်တွင် စံပြဇာတ်ဆောင်သည် အဓိက ဇာတ်ဆောင် ဖြစ်ချင်ဖြစ်တတ်သည်။ တစ်ခါတစ်ရံတော့ အရံဇာတ်ဆောင်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် စံပြဇာတ်ဆောင်သည် တစ်ယောက်တည်းလည်း ဖြစ်နိုင်သလို အများလည်းဖြစ်နိုင်သည်။ သို့သော် လူသားတို့အတွက် အားကျအတုယူဖွယ် ဂုဏ်အရည်အချင်း တစ်ခုခုတော့ ရှိနေတတ်သည့် သဘောရှိပါသည်။ ။

 

တစ်ပြိုင်နက်တည်းမှာပင် ကျွန်မတို့ မြန်မာစာသမားများနှင့် မစိမ်းသည့် ဆရာဝန်ဇာတ်ဆောင်ကို စံပြ ဇာတ်ဆောင်အဖြစ် ဖန်တီးထားသော ဝတ္ထုနှစ်ပုဒ်ကို သွားသတိရမိသည်။

 

ထိုဝတ္ထုများသည် တတိယနှစ် မြန်မာစာအထူးပြုတန်းတွင် ပြဋ္ဌာန်းခဲ့ဖူးသော၊ ပြဋ္ဌာန်းနေဆဲဖြစ်သော ဝတ္ထုများဖြစ်သည်။ ပထမတစ်ပုဒ်က ဆရာကြီး ရွှေလင်းယုန်၏ “သူ” ဝတ္ထုဖြစ်ပြီး ဒုတိယတစ်ပုဒ်က ဆရာလင်္ကာရည်ကျော်၏ “ကြိုးကြာတောင်ပံခတ်သံ” ဝတ္ထုဖြစ်သည်။ “သူ” ဝတ္ထုကို ယခင်က ပြဋ္ဌာန်းခဲ့သဖြင့် ကျွန်မတို့ သင်ခဲ့ရသည်။ ယခုခေတ် ကျောင်းသားများကတော့ “ကြိုးကြာတောင်ပံခတ်သံ”ကိုသာ သိပါလိမ့်မည်။ ဝတ္ထုနှစ်ပုဒ်လုံးသည် ခေတ်အခြေအနေချင်း မတူညီသော်လည်း အဓိကဇာတ်ဆောင်များသည် ဆရာဝန်များဖြစ်နေကြခြင်းနှင့် အများအကျိုးကို ကိုယ်ကျိုးစွန့် အနစ်နာခံ ထမ်းရွက်ခြင်းဟူသော ရည်ရွယ်ချက်ချင်းက တူညီသည်။ ။

 

ပထမတစ်ပုဒ်ဖြစ်သော “သူ” ဝတ္ထုတွင် အဓိက ဇာတ်ဆောင်မှာ ကိုမြင့်မောင်ဖြစ်သည်။ ။

 

“သူ” ဝတ္ထုတွင် စိတ်သဘောထား မွန်မြတ်လှသော ဆရာဝန်ကိုမြင့်မောင်၏ လေးစားချီးကျူးဖွယ် ကောင်းသော၊ ကိုယ်ကျိုးစွန့် အနစ်နာခံစိတ်၊ ပရဟိတစိတ်ဓာတ် နှင့် အမူအကျင့်တို့ကို ပေါ်လွင်အောင် ရေးဖွဲ့ထားပါသည်။

 

“ကိုမြင့်မောင်သည် လူ့လောက ပတ်ဝန်းကျင်က လိုလားနှစ်သက်သော ဇာတ်ဆောင်ဖြစ်သည်။ အပြုအမူ အကျင့်စာရိတ္တ မွန်မြတ်သကဲ့သို့ သည်းခံမှုလွန်ကဲသည်။ အများအကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးထမ်းရွက်သူဖြစ်သည်” စသည်ဖြင့် စာအော်ပြီး ကျက်မှတ်ခဲ့ဖူးပါသည်။ ကျွန်မတို့ “သူ” ဝတ္ထုကို သင်စဉ်ကစ၍ ယခုထိအမှတ်ရနေသော ဇာတ်ကွက်မှာ ပုလိပ်ရောဂါ ကျရောက်နေသော အချိန်တွင် တောရွာများသို့ နေ့ညမနားဘဲ သွားရောက်ဆေးကုသပေးခဲ့ပုံ၊ နှလုံးသားရေးထက် လူနာများ၏ အရေးကိစ္စကိုသာ ပဓာနထားခဲ့သဖြင့် ချစ်သူကို ဆုံးရှုံးခဲ့ရပုံပင်ဖြစ်သည်။

 

ကိုမြင့်မောင်နှင့်ပတ်သက်၍ ကျွန်မတို့ သူငယ်ချင်း တစ်သိုက် ဆွေးနွေးတိုင်း အရာရာသည်းခံလွန်းသော၊ ကိုယ့်အကျိုးထက် သူများအကျိုးသာ ထမ်းရွက်သော၊ နောက်ဆုံးဒုက္ခိတဘဝ ဖြစ်ရသည်အထိ သည်းခံနိုင်လွန်း သောကိုမြင့်မောင်အပေါ် အားမလိုအားမရနှင့် သူကလည်း ဒီလို လုပ်လိုက်ပါလား၊ ဒီလို ရှင်းပြလိုက်ရင်ပြီးရောနှင့် မကျေမနပ်ဖြစ်ခဲ့ရသည့် အဖြစ်များကို သတိရမိသည်။

 

နောက်ဆုံးတွင် “ကိုမြင့်မောင်သည် လူ့လောကအတွက် လိုလားသော၊ အားကျအတုယူထိုက်သော စံပြဇာတ်ဆောင်ပင်ဖြစ်သည်”ဟု နိဂုံးချုပ်တတ်ကြသော်လည်း တကယ့်ပြင်ပတွင်မူ “ကိုမြင့်မောင်လိုလူတော့ အပြင်မှာ ရှိမယ်မထင်ပါဘူးကွာ” ဟု ရယ်ဟဟနှင့် မှတ်ချက်ပေး ခဲ့ကြသေးသည်ပင်။

 

ဒုတိယတစ်ပုဒ်ဖြစ်သော”ကြိုးကြာတောင်ပံခတ်သံ” ဝတ္ထုမှာတော့ အဓိကဇာတ်ဆောင်က ဒေါက်တာ လတ်ငြိမ်း (ခေါ်) ချင်းတောင်လတ်ငြိမ်း (ခေါ်) ကိုလတ် ဖြစ်သည်။ ဆရာလင်္ကာရည်ကျော်သည် ပြင်ပတွင် တကယ်ရှိသော ဆရာဝန်ကြီး ဒေါက်တာသိန်းလှိုင် (ခ) နာဂသိန်းလှိုင်၏ လေးစားအတုယူဖွယ် ဆရာဝန်စိတ်ဓာတ်နှင့် စာရေးသူကိုယ်တိုင် မိမိကိုယ်ကို အားမရခြင်း၊ မကျေနပ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် အထင်သေးခြင်းများ စသည့် အချက်အလက်များကို ပေါင်းစပ်ကာ ဖန်တီးခဲ့သည်ဟု မှတ်သားရပါသည်။

 

အားအင်အပြည့်ဖြင့် အများအကျိုးကို သယ်ပိုးစေသော စေတနာရည်ရွယ်ချက်ကို မိုင်ထောင်ချီ ပျံသန်း နေသော ကြိုးကြာငှက်တို့၏ အားမာန်ဖြင့် ကိုလတ် ဟူသော စံပြဇာတ်ဆောင်ကို ဖန်တီးခဲ့ကြောင်း သိရသည်။

 

“ဘာလီရည်တစ်ပုလင်းနဲ့ ညနေအထိ အမြဲလူနာ ကြည့်တာတွေ၊ ဆေးရုံကို လှူကြတာတွေ၊ အလှူရှင် တွေအားနဲ့ တိုးချဲ့ဆောင် ဆောက်ရတာတွေ၊ အိပ်ပျက်လွန်းလို့ ခဏခဏ ရင်ကျပ်ကျပ် နေတယ်ဆိုတာတွေ၊ အလုပ်ကိုအလွန် မဲလုပ်တာပဲဆိုတာတွေ...” စသည်ဖြင့် ဒေါက်တာလတ်ငြိမ်း၏ အများအကျိုးအတွက် ကိုယ်ကျိုး စွန့်ပုံများကို အားကျလေးစားဖွယ် ဖတ်မှတ်ခဲ့ရသည်။

 

သွားလာရေးခက်ခဲသော ချင်းတောင်တွင် ဒုက္ခခံ ကိုယ်ကျိုးစွန့်ကာ တာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာ လတ်ငြိမ်းကို ချင်းတောင်တွင် ပြန်လည်ထမ်းဆောင်ရမည် ဟု သတင်းကြားရုံနှင့်ပင် ဒေသခံများက ဝမ်းသာလှိုက်လှဲစွာဖြင့် ကားများနှင့် ဆင်းကာ လာကြိုနေကြသည်ဆိုသောအဖြစ်က ကြက်သီးထလောက်အောင် ကြည်နူးရသည့် ဇာတ်ကွက်ဖြစ်သည်။ တစ်ဆက်တည်းမှာလည်း “လတ်ငြိမ်း လိုလူမျိုးတော့ တစ်ရာမှာ တစ်ယောက်ရှိနိုင်ပါ့မလား မသိဘူးနော်” ဟု မရေရာ မသေချာသော၊ ဘဝင်မကျသော စိတ်ဖြင့် ဆရာတပည့်တွေ အဆုံးသတ်ရမြဲပင်။

 

အခုတော့ ကိုဗစ်ကို အကြောင်းပြုလျက် ဝတ္ထုထဲက လူတွေကို ကျွန်မတို့ မျက်ဝါးထင်ထင် မြင်ခဲ့ရလေပြီ။ ကိုဗစ်ရောဂါပိုးရှိသူ တီးတိန်မှာတွေ့ပြီဟု ဆိုသောအခါ ချက်ချင်း တီးတိန်မှာသွားကူဖို့ စေတနာ့ဝန်ထမ်းအဖြစ် ချက်ချင်းဆုံးဖြတ်ချက်ချခဲ့ကြသော ဆရာဝန်လေးများ၊ ဝေဘာဂီမှာတော့ လူနာတွေ ပုံနေပြီဟု ဆိုသောအခါ ချက်ချင်းသွား ရောက်ကူညီဖို့ဆုံးဖြတ်ခဲ့သော ဆရာဝန်များ၊ သူနာပြုသင်တန်း တက်နေဆဲမှာပင် မြဝတီသို့ သွားရောက်ရန် မိမိတို့ကိုယ်ကို သရဏဂုံတင်ပြီး တက်တက်ကြွကြွ သွားခဲ့ကြသော သူနာပြုကလေးများ၊ ရှေ့တန်းမှထွက်ကာ ကာကွယ် ကုသပေးနေသူများကို စိတ်ဓာတ်မကျအောင် နောက်တန်းမှ လိုသမျှဖြည့်ဆည်း ပေးနေကြသော အမြို့မြို့ အနယ်နယ်ဆေးရုံအသီးသီး မှ တာဝန်ကျေကြသော ဆရာဝန်များ၊ ၁၄ ရက် စောင့်ကြည့်စခန်းများတွင် အချိန်ပြည့်နေပေးကြသော ကျန်းမာရေးဝန်ထမ်းများ၊ ထိုသူများ၏ သတင်းများတက်လာတိုင်း တက်လာတိုင်း ကြက်သီးထလောက်အောင်ပင် လှိုက်လှဲစွာ ဂုဏ်ယူမိသည်။

 

ဝတ္ထုရေးဆရာများသည် စံပြဇာတ်ဆောင်များကို ဖန်တီးရာတွင် သာမန်လူသားတို့ မဖြေရှင်းနိုင်သော ပြဿနာတစ်ခုခုကို ချပြကာ စံပြဇာတ်ဆောင်ကို ဖြေရှင်းခိုင်းသည်။ ထိုစံပြဇာတ်ဆောင်ကို အခက်အခဲပေါင်းများစွာဖြင့် တွေ့ကြုံစေပြီးကာမှ နောက်ဆုံး ဂုဏ်ယူစရာ အားကျလေးစားစရာ ဖြစ်ရပ်မျိုးနှင့် အဆုံးသတ်ပေးတတ်ကြောင်း လေ့လာမှတ်သားခဲ့ဖူးသည်။ အများပြည်သူများ ဒုက္ခရောက်သည့် အချိန်များတွင် ကူညီရန် ရောက်လာကြသော Superman တို့၊ Spiderman တို့ စသော သူတို့ကို ကျွန်မတို့ ငယ်ငယ်က နှစ်သက်စွာ၊ လေးစားစွာ၊ အားကျစွာ၊ ဂုဏ်ယူစွာ ကြည့်ခဲ့ဖူးကြသည် မဟုတ်ပါလား။ ဒုက္ခရောက်တိုင်း သူတို့ကို တမ်းတခဲ့ ကြဖူးသည်မဟုတ်လား။

 

ယခုလည်း ကျွန်မတို့ မြန်မာနိုင်ငံတွင် “ကိုမြင့်မောင်တွေ၊ လတ်ငြိမ်းတွေ အများကြီးပါလားဟေ့” လို့ ဂုဏ်ယူလို့ရခဲ့ပါပြီ။ ရောဂါကပ်ဆိုးကြီးမှ ကင်းဝေး၍ ကျောင်းပြန်ဖွင့်လျှင် သင်ကြားရမည့် ဝတ္ထုများအတွက် သင်ထောက်ကူပစ္စည်းများက ဝေးဝေးလံလံကို ရှာစရာ မလိုတော့ပေ။ ရောဂါကပ်ဆိုးကြီးကို လောလောလတ်လတ် ကြုံခဲ့ရသော ကျွန်မတို့ ဆရာတပည့်တွေ အားလုံးအတွက် သူ့ဝတ္ထုထဲက ကိုမြင့်မောင်ကို သင်တိုင်း၊ ကြိုးကြာတောင်ပံခတ်သံထဲက လတ်ငြိမ်းကို ပြောတိုင်း သက်ရှိ ကိုမြင့်မောင်တွေ၊ လတ်ငြိမ်းတွေကို ပြနိုင်ခဲ့ပါပြီ။ ဝတ္ထုထဲက ကိုမြင့်မောင်နှင့် လတ်ငြိမ်း တို့ထက် စိတ်ဓာတ်ပိုမြင့်မားသော၊ စွန့်လွှတ်စွန့်စားသော သက်ရှိ ကိုမြင့်မောင်များ၊ သက်ရှိ လတ်ငြိမ်းများ ကျွန်မတို့ပတ်ဝန်းကျင်တွင် ရှိနေခဲ့ပါပြီ...။

(ရှေ့တန်းကလူတွေကို ဂုဏ်ယူစာနာသောအားဖြင့် ကာကွယ်ရေးနည်းလမ်းများအတိုင်း မိမိကိုယ်ကို အတတ်နိုင်ဆုံး ကာကွယ်နေထိုင်ကြပါစို့လို့ တိုက်တွန်း လိုက်ပါရစေ)