စံရာတောင်ကျွန်းမှသည် မြူမှောင်ဝေကင်းသို့

၈ ဧပြီ

 

အားလုံးက အသံကြားရာ နားစွင့်လိုက်ကြသည်။

 

“သင်္ကြန်အခါတော်.......” ဟူသောအသံနှင့်အတူအရှေ့ဦးထိပ်တံခါးဆီမှ အမြောက်သံသုံးချက်ကိုစတင်ကြားလိုက်ရ၏။ ဝမ်းမြောက် ပျော်ရွှင်ခြင်း၏ အသံလှိုင်းတစ်ခုက ရွှေမြို့တော်၏ ကောင်းကင်ယံဆီလှိုက်ခါ သွားသည်။

 

“ဒုန်း.........”

“ဒုန်း”

“ဒုန်း”

 

သင်္ကြန်အခါတော်ဦးထိပ်တံခါးမှ အမြောက်သံက ‘သောင်းညွတ်’ တံခါးဆီပြောင်းသွား၏။ ထို့နောက် တောင်ဘက်မျက်နှာ အင်္ဂါထောင့်က “ကျွန်းလုံးယူ” ၊ ပြီးတော့”ကျော်မိုး” ခေါ် “မင်္ဂလာ” တံခါး.....။ ဤသို့ဖြင့် တံခါး ၁၂ ရပ်တိုင်း၌ အမြောက်သံသုံးချက်စီဖြင့် အမြောက်သ ံ၃၆ ချက်တိတိကြားပြီးနောက် သင်္ကြန်တော်ကျချေပြီ။ ထိုအခါမှစ၍ “အစဉ်ထုံးစံ” ရှိသည့်အတိုင်း ရေကစားကြရသည်။ နံနက်နှင့် ညနေအချိန်မှသာ ရေကြည်ရေအေးအမွှေးအထုံရည်တို့ဖြင့် ဖျန်းပက်ကြသည်။ ဤသို့သာ ဖျန်းပက်ကြရန်ကိုလည်း သင်္ကြန်မကျမီကတည်းက မြို့တွင်း၊ မြို့ပြင်ရပ်စုကွက်စုများ၌ မောင်းကြေးနင်းခတ်ကာ အသိပေးပြီးဖြစ်၏။ ရွှေနန်းတော်ကြီးအတွင်း၌လည်း စောင်းညှင်းပတ်သာသံများ ညှင်းညှင်းတွဲ့တွဲ့ကြားကြရ၏။

 

ရွှေမြို့တော်ကြီးအတွင်းအပြင်တံခါး ၁၂ ရပ်နှင့်အပြိုင် ဖောက်သွယ်ထားသော လမ်းမတွေပေါ်မှာ လုလင်ပျိုများက ငွေဖလားတွင် ထည့်ထားသော ရေသန့်ရေစင်များအား သပြေခက်ဖြင့်နှစ်ပြီး တူရူမှလာသော လုံမပျိုလေးများကိုယဉ်ကျေးစွာခွင့်တောင်းပြီး ပက်ဖျန်းကြသည်။ အတွင်းတော်မှ တီးခတ်လိုက်သော စောင်းသံနွဲ့နွဲ့က တံခါးနီကိုကျော်ဖြတ်ပြီးမှ မင်းလမ်းမကြီးများအတိုင်း လေးဘက်လေးတန် ပျံ့လွင့်လာ၏။ အဆောင်ဆောင် အခန်းခန်းကလည်း ထိုစောင်းသံနှင့်ထပ်တူမျှလိုက်ပါတီးခတ်ကြလေသောအခါ သာယာသော အသံလှိုင်းက ရွှေမြို့တော်ကြီးအား ဖြည်းဖြည်းချင်း ဖုံးလွှမ်းသွားလေ သယောင်.......။

 

“စံရာတောင် ကျွန်းလုံးသူ့ဥသျှောင် ကျင်ငယ်လေ..... မင်းများထိပ်ခေါင်တင်

စံရာတောင် ကျွန်းလုံးသူ့ဥသျှောင် ကျင်ငယ်လေ.....မင်းများထိပ်ခေါင်တင်....”

 

ရေကန်တော့ပူဇော်အမရပူရနန်းစံ ရွှေဘိုမင်းလက်ထက်ကတည်းက မြဝတီမင်းကြီးဦးစရေးသားခဲ့သော “စံရာတောင်ကျွန်း” အစချီဘုန်းတော်ဘွဲ့ ကြိုးသီချင်းအား သံပြိုင်တီးခတ်နေသည့် စောင်းသံတွင် အတာသင်္ကြန်ပွဲတော်ကိုရွှေမြို့တော်သူမြို့တော်သားတို့ ဆင်နွှဲနေကြသည်မှာ ယဉ်ကျေး ပါဘိတောင်း...။ အလွန်မွန်မြတ်၍ ကျက်သရေ ရှိလှစွာသော နှစ်သစ်နှစ်ကူးအခါတော်တွင်မင်္ဂလာရှိသော စကား၊ မင်္ဂလာရှိသော အပြုအမူ၊ မင်္ဂလာရှိသော အသံတို့ကိုသာ ပြုမူလေ့ရှိသည့်အတိုင်း မြို့တော်သူမြို့တော်သားတို့က သရီရဓာတ်တော်မွေတော်မြတ် ကိန်းဝပ်တော်မူသည့် ရုပ်ပွားတော်၊ ပုခန်းစည်သူရှင်ဘုရား၊ ရှင်မတောင်မြတ်ပေါင်း မဥူဘုရား၊ ဒက္ခိဏသာခါဘုရား၊ သီဟတောဘုရား၊ ရှင်ဖြူဘုရား၊ နဂါးရုံဘုရား၊ ဆုတောင်းပြည့်ဘုရားရှင်တို့အား ရေမြေ့ရှင်မင်းတရားကြီးကိုယ်တော်တိုင်မွန်မြတ်သော ရေမွှေးရည်တို့ဖြင့် သပ္ပာယ်ပူဇော်ကာ ဆွမ်းတော်ကြီး အဖွယ်အရာစုံလင် ခင်းကျင်းကပ်လှူတော်မူသည်။ ရွှေမြို့တော်သူ မြို့တော်သားတို့ကလည်း မြို့တော်၏ ပြလမ်းတစ်လျှောက်ဝေကိုင်းဝါညွတ် နေအောင်ပွင့်ဖူးကြသည့် ပိတောက်ခိုင်၊ ပိတောက်ခက်တို့ကို ခူးဆွတ်ယူငင်ကြ၏။ ထို့နောက် အိုးစည်ပန်းကုံး၌ ထိုးစိုက်ပတ်ခွေပြီး ဗေထုံဗေထုံ အယိုင်တီး၍ ကခုန်ကြသည်။ ငွေဖလားတွင်သပြေခက်စိုက်၍ ပျော်ပျော်ရွှင်ရွှင်ရေကစားကြပြီး အလားတူ ဘုရားစေတီများသို့ တစုတဝေး တည်းသွားရောက်ကာ ရေကန်တော့ ပူဇော်ကြ လေသည်။

 

သောင်းမြေပြင်ငယ်လေအရှင်နှစ်ပါး၏ နံတော်သင့် မဟာမုနိဘုရား၊ လောကမာရဇိန်ဘုရားရှင်တို့၌လည်း ဆွမ်းတော်ကြီး အဖွယ်အရာအစုံ၊ ပကတိရေ၊ အမွှေးအထုံရေစသောရေမျိုးစုံများကို အစီအစဉ်အခမ်းအနားနှင့်တကွ မှူးတော်မတ်တော်တို့ အသီးသီးကြီးကြပ်စေ၍ သင်္ကြန်အခါရက်များအတွင်း နေ့စဉ်သွားရောက် ပူဇော်လှူဒါန်းကြသည်။ မင်းညီမင်းသား၊ မှူးတော်မတ်တော်အရာရှိ၊ လက်သုံး တော်၊ လက်ဖက်ရည်၊ ကွမ်းရေ၊ ထီးထားလက်စွဲအဆောင်မြဲတို့နှင့် အနောက်အတွင်းတော်ရှိ မင်းသမီး၊ မြို့စား၊ ရွာစား၊ အပျိုတော်၊ ကတော်မယားပါဦးရေ တစ်ထောင်ကျော်တို့ကိုလည်း လွန်းများလက်ချိတ်၊ လွန်းများစပ်၊ ဗလာပိုးဖဲ၊ ပုဆိုး၊ ထဘီ၊ ခေါင်းပေါင်းအုပ်၊ ပိတ်အုပ်၊ ပဝါအုပ်များကိုရာ ထူးဌာန္တရ အလျောက်အသီးသီးသနားတော်မူခဲ့သည်။ ရွှေနန်းတော်ကြီး အတွင်း၌သာမက မြို့တွင်းမြို့ပြင်ပြလမ်းများ၌ သင်္ကြန်ထမင်း အချိုအဆိမ့်များကို အရှင်နန်းမတော်ဘုရား၊ ဝန်၊ စာရေးကြီးတို့က ကြပ်မတ်ကျွေးမွေးပြန်ရာ ကျိတ်ကျိတ်တိုး စည်ကားပျော်ပါး ရွှင်မြူးသာယာလှသည်ဟုဆိုကြ၏။

 

“သောင်းမြေပြင်ငယ်လေ....ထီးဆူဆူကိုလေ.....စိုးလို့မိုးတော်မ

သောင်းမြေပြင်ငယ်လေ.....ထီးဆူဆူကိုလေ.....စိုးလို့မိုးတော်မူ

ဘုန်းပန်းငယ်ကြိုင်မွှေး၊ မြတ်လေးငယ် အတူ....ကြူပင်ကြူချည့်လေ.......”

 

စံရာတောင်ကျွန်း “စံရာတောင်ကျွန်း” စောင်းသံညှင်းက စည်းချက်ကျကျထွက်ပေါ်နေဆဲဖြစ်သည်။ ကြိုကြားကြိုကြား ပေါ်လာသော အိုးစည်သံနှင့်အတူ ရွှေမြို့တော်အနှံ့အတာသင်္ကြန်ပွဲကား မင်္ဂလာရှိစွာ ဆင်နွှဲလျက်ရှိကုန်၏။

 

မင်းဘုရင်နှင့်မိဖုရားတို့မှာ မြောက်ဥယျာဉ်တော်၊ အရှေ့မြောက်ထောင့်၊ အနောက်မြောက်ထောင့်တို့၌ သင်္ကြန်တန်ဆောင်းပွဲခံ ကန္နားကဖျင်းများ ဆောက်၍ သင်္ကြန်မတိုင်မီကတည်းက မင်းညီမင်းသား၊ မှူးတော်မတ်တော်တို့ ဗောင်းနားဋောင်းဝတ်လုံ စလွယ်ဆင်ယင်ပြီး ဝင်ထွက်ခစားစေ၏။ ထို့နောက် သင်္ကြန်အခါတော်နီးသည်နှင့် ကုန်းတပ်ရေတပ် ခင်းကျင်းကာ မင်္ဂလာမြောင်းတော်က ရေကြောင်းထွက်တော်မူခဲ့သေးသည်။

 

ယခုသင်္ကြန်အခါတော်အတွင်း၌ ရွှေနန်းတော်သို့တက်တော်မူပြီး အငြိမ့်တော်များ၊ အတွင်းဆိုင်း၊ မွန်ဆိုင်း၊ ယိုးဒယားဇာတ်ကြီး အဆိုအကများကိုအခါသုံးရက်အတွက် နေ့ညမပြတ် ကခုန်သီကြူး တီးမှုတ်သံများ၊ ရတနာပုံ နေပြည်တော်တစ်ဝှမ်း ပျံ့ထုံလွှမ်းခဲ့သည်။ မြို့စား၊ ရွာစား၊ အပျိုတော်တို့နှင့်လက်သုံးတော် လက်ဖက်ရည်တော်တို့ အမိန့်တော်မြတ်နှင့် တစ်ဦးကိုတစ်ဦး ပျော်ပါးစွာ ရေစင်သွန်းလောင်း ကစားကြသည်။ ရွှေမြို့တော်တွင်းရှိ နန်းတော်၊ အဆောင်၊ အိမ်ရာများမကျန် အိမ်တိုင်းစေ့တွင် မြေအိုး၌ သပြေညွန့်၊ တမာညွန့်၊ သီးညွန့်၊ အုန်းလက်နှင့်မြေစာမြက်တို့ စုစည်းထိုးဆိုက်ထားသည့် အတာအိုး များကား နုသစ်လန်းဆန်းလျက်.....။

 

ဂျစ်ကားဘောနက်ပေါ်၌ မှန်စီရွှေချအုပ်သပြေညွန့်၊ တမာညွန့်၊ သီးညွန့်၊ အုန်းလက်နှင့်မြေစာမြက်တို့ စုစည်းထိုးစိုက်ထားသော အတာအိုးကိုအိမ်ရှေ့တွင် သေချာစွာ ပြင်ဆင်ချထားလိုက်သည်။ သပြေညွန့်လေးမှာ ရေစက်ရေပေါက်လေးများပင် သီးနေ၏။ နေရောင်တွင် ရေစက်တို့က ပန်းစကြာမီးပွင့်တို့လင်းလက်စေသည်။ အုန်းလက်၏ စိမ်းနုသွေးက ကျောက်စိမ်းရောင် တောက်နေ၏။ သပြေရွက်တွေ.....အုန်းလက်တွေ....ရှုပ်ထွေးဝေဝါးသွားသည်။ နေခြည်သွေးက ဆည်းဆာတွင် ပန်းနုသွေးသန်းချေပြီ။ ကတော့ထိုးထားသော ငှက်ပျောဖက်များက ပန်းနုဆည်းဆာတွင် နုသောအသွေး ဖက်လုနေသည်။ ငှက်ပျောဖက်ညွန့်ကတော့လေးတွင် ဖြည်းဖြည်းချင်းအပေါ်သို့အဖျားရှူးသွားသည်။ သပြေရွက်ညွန့်များနှင့်အတူရောင်ပြား ရွှေငွေစက္ကူပန်းကလေးများကို ခပ်ဖြောက်ဖြောက်ထိုးထားသည့် ကန်တော့ပွဲညွန့်ကြီးက ဂျစ်ကားဘောနက်ပေါ်၌ မှန်စီရွှေချအုပ်ကြီးဖြင့် ခံ့ထည်လှဘိ....။

 

ခမ်းခမ်းနားနားပြင်ဆင်ထားသည့် ကန်တော့ပွဲအုပ်ကြီးကား အဖျားရှူးကာ ဖြည်းဖြည်းချင်းမြင့်တက်သွားပုံက နောက်ခံကျော်မိုး တံခါးပြာသာဒ်ကြီးနှင့်ပုံသ္ဌာန်ချင်းတူလှသည်။

 

ရိုးရာအတာသင်္ကြန် အလှပြကားတွေကျော်မိုးတံခါး (ဝါ)မင်္ဂလာတံခါးရှေ့ ကျုံးကူးတံတားကြီးထိပ်မှ ကန်တော့ပွဲညွန့်ထိုးထားသည့် မဟာအတာ သင်္ကြန်ပွဲတော် ရှေ့ပြေးကားက အဆင်သင့်နေရာယူထားသည်။ သူ့နောက်မှာ ရိုးရာအတာသင်္ကြန် အလှပြကားတွေက အစီအရီ....။ မင်္ဂလာတံတားပေါ်....။ မင်္ဂလာတံခါးအောက်.....။ ထို့နောက် နန်းတွင်းအင်္ဂါထောင့် ကွင်းပြင်ကြီးထဲအထိ....။ မန္တလေးတွင် ထွန်းကားခဲ့သော စပ်ပန်းချီမဏ္ဍပ် ရုပ်လုံးအတတ်၊ ဆေးရေးပန်းချီ အတတ်များဖြင့် အစွမ်းကုန်ခြယ်သထားသည့်အလှပြယာဉ်များသည် နဂါးရုပ်၊ ခြင်္သေ့ရုပ်၊ နယားရုပ်၊ ဟင်္သာရုပ်၊ ဇာမဏီရုပ်၊ ပဥရူပရုပ်၊ ဥဒေါင်းရုပ်၊ ငန်းရုပ်၊ ကြက်ရုပ်၊ နန်းမြင့်ပုံ၊ နန်းဆောင်ပုံများဖြင့် ရွှေပြားငွေပြားပန်းချီထည်များ စပ်ဟပ်ခြယ်သကာ အလှကြီးလှလျက်ရှိနေသည်။

 

အရှင်နှစ်ပါးပါတော်မူပြီး ထီးကျိုးစည်ပေါက်ဖြစ်ကာ တိုင်းတစ်ပါး ဘာသာခြားလက်အောက် ကျွန်သဘောက်ဘဝ ရောက်ခဲ့ရသော်လည်း ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်ရိုးရာ၊ ကိုယ့်ယဉ်ကျေးမှုကို အပျက်အစီး အထိအပါးမခံဘဲ မန္တလေး၌ ကျန်ကောင်းကျန်ရာ ကျန်သင့်သော ဆွေတော်မျိုးတော်၊ မှူးတော်မတ်တော်ဟောင်းကြီးများနှင့် ဂုဏ်သရေရှိသော မြို့မိမြို့ဖများက တာဝန်တစ်ရပ်ကဲ့သို့ စွမ်းစွမ်းတမံဆောင်ရွက်ကြရင်း ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကြီးအား ဆင်နွှဲခဲ့ကြခြင်းဖြစ်၏။

 

ခေတ်ပေါ်လေမှုတ်တူရိယာများဖြင့်ရှေးယခင်ကလို လေးပြင်လေးရပ်၌ ဓာတ်တံခါး၊ မိတ်တံခါးများမှ သင်္ကြန်အမြောက် သုံးချက်စီကို တံခါး ၁၂ ရပ်အပြည့်ပစ်ဖောက်ခြင်းမျိုးမတတ်နိုင်ငြား....၊ အရှင်နှစ်ပါးမှအစပြု၍ မဟာသင်္ကြန်ပွဲကို ရှေးထုံးရှေးနည်းများအတိုင်း စောင်းသံ၊ အငြိမ့်သံ၊ ဆိုင်းသံခြိမ့်ခြိမ့်ဖြင့် မကျင်းပနိုင်ငြား....၊ ပြောင်းလဲလာသော ခေတ်အခြေအနေအရ တွင်ကျယ်စွာသုံးစွဲလာသော လော်ရီကုန်ကားကြီးများအား ပန်းချီမဏ္ဍပ်ရုပ်လုံး ရုပ်ကြွ အပြင်အဆင်များဖြင့် ခြယ်သကြသည်။ စောင်းညှင်း ပတ်သာများအစား ခေတ်ပေါ်လေမှုတ်တူရိယာများဖြင့် ခေတ်မီခံ့ညားထည်ဝါစွာ သင်္ကြန်ပွဲတော်ကို ဆင်နွှဲပျော်ခဲ့ကြကုန်၏။

 

မြို့မိမြို့ဖများဦးဆောင်သည့် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မီတီ၏ အချက်ပေးသံနှင့်အတူ ခေတ်ပေါ်တူရိယာများဖြင့် စတင်တီးမှုတ်လိုက်သော အသံက ကြက်သီးမွေးညင်းထမျှ ထွက်ပေါ်လာ၏။ ကိုယ့်အရှင်ကိုယ့်သခင် ရှိစဉ်ကာလ သင်္ကြန်တော်ကျသည်နှင့်မြဝတီမင်းကြီးဦးစရေးသားခဲ့သည့် “စံရာတောင်ကျွန်းလုံးဥသျှောင် ကျင်ငယ်လေ” အစချီ “ဘုန်းတော်ဘွဲ့” ကြိုးသီချင်းသံကို စောင်းသံနွဲ့ညှင်းဖြင့် သာယာနာပျော်ဖွယ်ကြားခဲ့ရသည်လေ....။

 

အခု....မဟာအတာသင်္ကြန်ပွဲတော်အကြိုနေ့ ညနေဆည်းဆာတွင် “စံရာတောင်ကျွန်း” ကြိုးသီချင်းအလိုက်တွင် စာသားများရေးစပ် ထည့်သွင်းထားသည့် “အေးတဲ့ရေ” ဟူသော သီချင်း......။ နားဆင်ကြည့်ပါဘိ.......။

 

မြူမှောင်ဝေကင်းမန္တလေးဆိုင်းတန်းရပ်က မြို့မဗုဒ္ဓဝေယျာဝစ္စတူရိယာအသင်းမှ ကိုရင်လေး ရေးစပ်ကာ အသင်းသားများ မြိုင်မြိုင်ဆိုင်ဆိုင်တီးမှုတ်ထားကြပုံက မန္တလေးမူ၊ မန္တလေးဟန်နှင့် ထီးဆန်နန်းဆန်လိုက်ပါဘိ.....။

 

ပလုတ်တုတ်ဗုံတောင်သံနှင့်အတူ အနောက်တိုင်း လေမှုတ်တူရိယာများဖြင့် တီးမှုတ်သောသီချင်းသွားက တငြိမ့်ငြိမ့် ထွက်ပေါ်လာသည်။ ကန်တော့ပွဲညွန့်တင်ဆောင်မည့် ရှေ့ပြေးကားနှင့် နောက်မှ အလှပြယာဉ်တန်းကြီးက သီချင်းတေးသွားသံနှင့်အတူ မဟာမုနိဘုရားကြီးထံ သင်္ကြန်ကြို ကန်တော့ပန်း ပန်ဆင်ရန်စီတန်းလှည့်လည်ကြပါပကော......။ ပိတောက်တွေပွင့်နေသည့် လမ်းတစ်လျှောက်တွင် မြို့လူထုက လမ်းလုံးပြည့်မျှမက အိမ်ရှေ့၊ အိမ်ပေါ် ဝရံတာ၊ ပြတင်းပေါက်များမှာထိ တိုးဝှေ့ထွက်ပြူ ကြည့်ရှုဩဘာပေးကြသံများလည်း ညံမစဲ.....။

 

“.......သင်းပျံ့နေ.....ရွှေမန်းပိတောက်တွေ တွဲရရွဲနဲ့လေ....

ဆင်မြဲမြန်းကာ လှတဲ့မေ...... ငွေငန်းမောင့်ကိုလောင်းတဲ့ရေ......

ဘေးဘယာဝေးကွာ ကင်းစင်ပမယ်.....

သည်ရေပွဲ......သင်္ကြန်ရေ.....” တဲ့လေ......။

 

“စံရာတောင်ကျွန်း” ကြိုးသီချင်းအလိုက် “အေးတဲ့ရေ” ခေါ် “မြူမှောင်ဝေကင်း” သီချင်းသံက လမ်းလုံးညွှတ်မျှ အပြည့်အလျှံ......။ ၁၉၄၀ ဝန်းကျင်သင်္ကြန်......

 

ဆူးငှက်