စွန့်ဦးတီထွင် စီးပွားရှာကြပါစို့

၂၃ ဖေဖော်ဝါရီ

အိန္ဒိယ-အာဆီယံပူးပေါင်းဆောင်ရွက်မှု (၂၅) နှစ်မြောက် ထိပ်သီးအစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ၌ နယူးဒေလီမြို့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ ထိပ်သီးအစည်းအဝေး၌ အိန္ဒိယနိုင်ငံနှင့် အာဆီယံ၁၀ နိုင်ငံတို့ရှိ လူငယ်စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်တို့နှင့် လူငယ်ပညာရှင်တို့ အနက် အထူးချွန်ဆုံး ၂၀ ဦးကို ရွေးချယ်၍ အိန္ဒိယ-အာဆီယံလူငယ်ဆု (India- ASEAN Youth Award)ကို ပေးအပ်ခဲ့ပါသည်။ ကဏ္ဍ ၁၀ ခုအတွက် အိန္ဒိယနိုင်ငံမှ ၁၀ ဦးနှင့် အာဆီယံနိုင်ငံတို့မှ ၁၀ ဦး ဖြစ်ပါသည်။ အပြောင်မြောက်ဆုံး စီးပွားရေး စိတ်ကူးစိတ်သန်း (Most Innovative Business Idea) ကဏ္ဍအတွက် မြန်မာနိုင်ငံမှ GREENOVATOR ကုမ္ပဏီအား အဆိုပါ အိန္ဒိယ-အာဆီယံလူငယ်ဆုကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

 

 

GREENOVATOR ကုမ္ပဏီသည် ၂၀၁၆ ခုနှစ် မေလမှ စတင်၍ တောင်သူလယ်သမားတို့အား ပံ့ပိုးကူညီပေးမည့် လက်ကိုင်ဖုန်းသုံး Software ဖြစ်သည့် Green Way App ကို ဖြန့်ချိခဲ့ပါသည်။ တောင်သူလယ်သမားတို့သည် Green Way App ကို အခမဲ့သုံးစွဲခွင့်ရရှိကြပါသည်။ Green Way App သည် မျိုးစေ့များ ကိုင်တွယ်သုံးစွဲသည်မှ သီးနှံတို့ကိုရိတ်သိမ်းချိန်အထိ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ တောင်သူလယ်သမားတို့ သိလိုသမျှကို မေးမြန်းခွင့်ပြုသော App ဖြစ်ပြီး အဆိုပါမေးခွန်းတို့၏ အဖြေကို ပညာရှင်တို့၏အကူအညီဖြင့် တစ်ရက်မှနှစ်ရက်အတွင်း ပြန်လည်ဖြေကြားပေးပါသည်။ ထိုမျှမက တောင်သူလယ်သမားတို့သည် Green Way App ကို သုံး၍ စိုက်ပျိုးရေးထွက်ကုန်တို့ကို တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်မည့် ဗဟုသုတတို့ကိုလည်း မေးမြန်းအဖြေရှာ နိုင်ပါသည်။ ဤအချက်တို့ကို ကြည့်ရုံမျှဖြင့် Green Way App က တောင်သူလယ်သမားတို့အတွက် မည်မျှအသုံးဝင်မည်ကို မှန်းဆကြည့်နိုင်ပါသည်။

 

 

GREENOVATOR ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ တောင်သူလယ်သမားတို့က Green Way App အကူအညီကို အားတက်သရောရယူခဲ့သည်ကို တွေ့ရှိရပါသည်။ ဝန်ဆောင်မှု စတင်ပေးအပ်ခဲ့သည့် တစ်နှစ်တာ ကာလအတွင်း Green Way App ကို တောင်သူလယ်သမား သုံးသောင်းခွဲခန့်က အသုံးပြုခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ၌ မှတ်တမ်းများအရ Green Way App ကို အသုံးပြုသော တောင်သူလယ်သမားအရေအတွက်သည် ခုနစ်သောင်းခွဲခန့်အထိ ရှိလာသည်ကို တွေ့ရှိရပါသည်။ မှတ်တမ်းအချက်အလက်တို့အရ Green Way App ကို အများဆုံးအသုံးပြုခဲ့သည့် ဒေသသုံးခုကို အမှတ်စဉ် တစ်မှ အမှတ်စဉ်သုံးအထိ အစဉ်လိုက်ဖော်ပြရပါက မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ ဖြစ်ပါသည်။ ဤသည်မှာ Green Way App ကို အများဆုံးအသုံးပြုသည့် ဒေသသုံးခုကိုသာ ရွေးချယ်ဖော်ပြခြင်းဖြစ်ပါသည်။ အမှန်တကယ်မှာမူ မြန်မာနိုင်ငံ၌ Green Way App ကို အသုံးပြုလျက်ရှိသော မြို့နယ်များမှာ ၃၂၉ မြို့နယ်အထိရှိကြောင်း သိရှိရပါသည်။

 

 

GREENOVATOR ကုမ္ပဏီသည် တောင်သူလယ်သမားတို့အတွက် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အချက်အလက်တို့ကို ပံ့ပိုးကူညီပေးသည်သာမက သီးနှံတို့၏ ပေါက်ဈေးကိုလည်း ပြည်တွင်းကုန်စည်ဒိုင်၁၅ ခုတို့မှ ရရှိသော အချက်အလက်တို့အရ အချိန်နှင့်တစ်ပြေးညီပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိပါသည်။ ထိုမျှမက GREENOVATOR ကုမ္ပဏီသည် တချို့သော စိုက်ပျိုးရေးထွက်ကုန်တို့အတွက် နိုင်ငံတကာဈေးနှုန်းများကိုပါ ပံ့ပိုးဖြည့်ဆည်းပေးပါသည်။ GREENOVATOR ကုမ္ပဏီသည် တောင်သူလယ်သမားတို့မှ ဝန်ဆောင်ခရယူရန် ရည်ရွယ်ခြင်းမရှိပါ။ စိုက်ပျိုးရေးနည်းပညာဆိုင်ရာ စာရွက်စာတမ်းတို့အား ဘာသာပြန်ခြင်း၊ စိုက်ပျိုးရေးစီမံကိန်းတို့၌ အကြံပေးအဖြစ် ဆောင်ရွက်ခြင်း၊ Green Way App အင်တာနက်စာမျက်နှာပါ ကြော်ငြာများမှ ကြော်ငြာခရယူခြင်းကဲ့သို့သော စီးပွားရေးလုပ်ငန်းတို့မှသာ ဝင်ငွေကို ဖန်တီးရယူပါသည်။ တိုင်းပြည်လူဦးရေ၏ သုံးပုံနှစ်ပုံခန့် မှီခိုနေရသော လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် အခက်အခဲများကြားမှ တီထွင်စွန့်စားရုန်းကန်ဆောင်ရွက်ခဲ့သော GREENOVATOR ကုမ္ပဏီအား ဂုဏ်ပြုပါကြောင်း လေးစားစွာ ဖော်ပြအပ်ပါသည်။ မြန်မာနိုင်ငံရှိ လူငယ်ထုတစ်ရပ်လုံးကလည်း GREENOVATOR ကုမ္ပဏီကို အတုယူ၍ တိုင်းပြည်နှင့်လူမျိုးအတွက် တီထွင်စွန့်စားရုန်းကန်ဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

 

 မြန်မာ့အလင်း