တွေ့ဆုံမေးမြန်း - ဝင်းဝင်းမင်း
ဓာတ်ပုံ - ကိုကြီးထိန်
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီး ရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ပြပွဲပြိုင်ပွဲတွင် တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ MSME ထုတ်ကုန်များ၊ ဒေသထွက် ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့်စက်မှုလုပ်ငန်းများ၊ ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချ သွားမည်ဖြစ်သည့်အပြင် ဂီတဖျော်ဖြေပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြပွဲအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များမှဒေသထွက် MSME ထုတ်ကုန်များ၊ ရိုးရာ အစားအစာများကို တစ်နေရာတည်းတွင် လေ့လာဝယ်ယူနိုင်ပြီး တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကိုလည်း လေ့လာနိုင်မည်ဖြစ်ရာ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲတွင် Digital Corner ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် တွေ့ဆုံ မေးမြန်းခဲ့သည်ကို ဖော်ပြလိုက်ရပါသည်-
မေး။ ။MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲမှာ Digital Corner ဆောင်ရွက်ထားရှိမှုနဲ့ ပတ်သက်ပြီး ပြောကြား ပေးစေလိုပါတယ်။
ဖြေ။ ။ပြခန်းပေါင်း ၉၉ ခန်းရှိတဲ့အနက် ကျွန်တော်တို့ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနက ပြခန်းအမှတ် ၆ နဲ့ ၂၇ တို့မှာပြသသွားဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ပြခန်း ၂၇ မှာ Digital Corner (ဒစ်ဂျစ်တယ်ကော်နာ) ဆိုပြီး MSME ဖွံ့ဖြိုးတိုးတက်ဖို့ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးချ ဆောင်ရွက်မှုဆိုင်ရာ ပြကွက် ၁၆ ခုကို Naypyitaw State Polytechnic University အပါအဝင် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန အောက်ရှိ တက္ကသိုလ်ကိုးခုမှ ဆရာနဲ့ ကျောင်းသား ၃၆ ဦးက ပြသကြမှာဖြစ်ပါတယ်။
ဒီပြကွက် ၁၆ ခုမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေကနေ ထုတ်ကုန်၊ ပို့ကုန်များ ဆိုင်ရာ(Smart Agriculture) ပြကွက် သုံးခု၊ ဒစ်ဂျစ်တယ်ကူးသန်းရောင်းဝယ်မှု ဆိုင်ရာ(e-Commerce) ပြကွက်သုံးခု၊ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုဆိုင်ရာ (e-Service) ပြကွက်ငါးခုနဲ့ MSME ကဏ္ဍကို ခြုံငုံတဲ့ ပြကွက်ငါးခုတို့ ပါဝင်ပြီး ဉာဏ်ရည်တုနည်းပညာ (AI) အပါအဝင် ထွန်းသစ်စ ဒစ်ဂျစ်တယ်နည်းပညာတွေကို အသုံးပြုထားတဲ့ ဒစ်ဂျစ်တယ်ဆန်းသစ် တီထွင်မှု (Digital Innovation) တွေနဲ့ လေ့လာကြည့်ရှုသူတွေ ရင်ထဲတစ်ခါတည်း စွဲသွားအောင် အသိပညာပေး ပြသသွားမှာ ဖြစ်ပါတယ်။
မေး။ ။(၇၈)နှစ်မြောက် ပြည်ထောင်စု နေ့ အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲ ပြိုင်ပွဲမှာ ဆုတွေကို Online Payment နဲ့ ချီးမြှင့်မယ်လို့ သိရပါတယ်။ ဘယ်လို ပေးအပ်ချီးမြှင့်သွားမယ်ဆိုတာ ကိ ပြောကြားပေးစေလိုပါတယ်။
ဖြေ။ ။(၇၈)နှစ်မြောက် ပြည်ထောင်စု နေ့ အထိမ်းအမှတ် ဂုဏ်ပြုကျင်းပတဲ့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားမှာ ဆုရရှိကြတဲ့ အသေးစား၊ အလတ်စားနဲ့ အငယ်စား စီးပွားရေးလုပ်ငန်းဆုတွေ၊ One Region One Product (OROP)၊ သမဝါယမထုတ်ကုန်၊ စားသောက်ကုန် စတဲ့ ဆုခြောက်မျိုးအတွက် ဂုဏ်ပြုချီးမြှင့် ငွေ စုစုပေါင်းငွေကျပ် သိန်း ၇၅၀ ချီးမြှင့် ပေးအပ်ရာမှာ သမားရိုးကျ ငွေစက္ကူတွေ ကို ပေးအပ်မယ့်အစား လမ်းညွှန်မှုအရ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအနေနဲ့ Digital Payment ကနေတစ်ဆင့် ဆုတွေ ကို ပေးအပ်နိုင်ဖို့အတွက် နည်းပညာပံ့ပိုး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဆုရရှိသူအနေနဲ့ အရင်လိုငွေသားတွေကို လက်ခံရခြင်းမျိုးမဟုတ်ဘဲ Digital Payment Application ကနေ လက်ခံရရှိ သွားမှာ ဖြစ်ပါတယ်။
မေး။ ။နည်းပညာခေတ်ဖြစ်တဲ့အတွက် MSME လုပ်ငန်းဖွံ့ဖြိုးစေဖို့ AI နဲ့ပတ်သက်ပြီး ပြသမယ့် အစီအစဉ်တွေ ရှိရင်လည်း သိရှိလိုပါတယ်။
ဖြေ။ ။ ဒီနေ့ နည်းပညာခေတ်မှာ လူသားတွေရဲ့ နေ့စဉ်ဘဝကိစ္စအဝဝ လှုပ်ရှားဆောင်ရွက်မှုတွေမှာ ဖြစ်စေ၊ ဌာနနဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာဖြစ်စေ ဒစ်ဂျစ်တယ်လွှမ်းမိုးမှုက သိသာကြီးမားစွာ သက်ရောက်မှုတွေ ရှိလာပြီဖြစ်ပါတယ်။ ဒါကြောင့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်း ဆောင်ရွက်မှုတွေနဲ့အတူ ဉာဏ်ရည်တု နည်းပညာ(AI) အပါအဝင် ထွန်းသစ်စနည်းပညာတွေရဲ့ တိုးတက်နေတဲ့ အရွေ့နှုန်းနဲ့အတူ လိုက်ပါအသုံးချနိုင်မှုကလည်း ဒစ်ဂျစ်တယ် စီးပွားရေးကဏ္ဍကို စိုးမိုးလာနိုင်တာတွေ တွေ့ရပါတယ်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် MSME ဖွံ့ဖြိုးတိုးတက်မှုက အခရာကျလှပါတယ်။ ဒါကြောင့် နိုင်ငံတော်မှာ သိသာစွာအားကောင်းဖွံ့ဖြိုးတိုးတက်လာပြီဖြစ်တဲ့ MSME လုပ်ငန်းတွေရဲ့ အရှိန်အဟုန် မြှင့်တင်ဖို့အတွက် ဒစ်ဂျစ်တယ်နည်းပညာအခင်းအကျင်းတွေကို ဖန်တီးအသုံးချပြီး လုပ်ငန်းတွေ မြှင့်တင်ဆောင်ရွက်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်ကော်နာ ပြခန်းမှာတော့ အမျိုးမျိုးသော MSME အကျိုးပြု ဉာဏ်ရည်တုနည်းပညာ (AI) အသုံးချပရိုဂရမ်တွေကို အသုံးပြုသွားမယ်။ ဒီလိုအသုံးပြုရင် MSME လုပ်ငန်းတွေကို ဘယ်လိုအကျိုးပြုနိုင်မယ်ဆိုတာ လက်တွေ့ပြသသွားမှာ ဖြစ်ပါတယ်။ ပြည်တွင်း MSME လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး AI မော်ဒယ်ရဲ့ ဒစ်ဂျစ်တယ် စီးပွားရေးဆိုင်ရာ အကူအညီကို ပြည့်ဝစွာ အသုံးပြုနိုင်ဖို့အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် စံသတ်မှတ်ထားတဲ့ စာရင်းဇယားတွေလိုအပ်ခြင်း၊ တိကျမှန်ကန်တဲ့ အချက်အလက်တွေကို ဒစ်ဂျစ်တယ်အသွင်နဲ့ ပုံမှန်ဖြည့်သွင်းဖို့လိုအပ်ခြင်း စတာတွေကို လက်တွေ့ ပြသသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ MSME လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရေရှည်ဖြစ်ပေါ်လာမှု အခြေအနေတွေကို AI မော်ဒယ်တွေရဲ့ အကူအညီနဲ့ ခန့်မှန်း တွက်ချက်နိုင်မှုကိုလည်း လက်တွေ့ပြသ သွားမှာဖြစ်ပါတယ်။
မေး။ ။ဒစ်ဂျစ်တယ်ကော်နာပြခန်းမှာ အများပြည်သူ စိတ်ဝင်စားဖို့ ထူးထူးခြားခြားဆောင်ရွက်မယ့် အစီအစဉ် တွေရှိရင်လည်း ပြောကြားပေးစေလိုပါတယ်။
ဖြေ။ ။ နိုင်ငံ့စီးပွားဖွံ့ဖြိုးရေး တစ်တပ် တစ်အားဖြစ်စေမယ့် စွန့်ဦးတီထွင် MSME လုပ်ငန်းရှင်တွေ ပေါ်ထွန်းလာစေဖို့ ဒစ်ဂျစ်တယ်ကော်နာမှာ ထွန်းသစ်စနည်းပညာတွေကိုအသုံးပြုပြီး ပြသသွားမှာ ဖြစ်ပါတယ်။
Digital Corner ပြခန်းမှာ လာရောက်တဲ့ ပြည်သူတွေအနေနဲ့ MSME နဲ့ ဆက်စပ်ပြီး သိလိုတာတွေ ရှိရင်ဖြစ်ဖြစ်၊ လက်ရှိ MSME ဆောင်ရွက်နေသူတွေအတွက် အခက်အခဲတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေနဲ့ပဲဖြစ်ဖြစ် မေးမြန်းသိရှိ နိုင်မယ့် ဉာဏ်ရည်တုနည်းပညာ(AI) အသုံးပြု Chat Bot မော်ဒယ်စနစ်ကိုလည်း ထည့်သွင်းပြသသွားမှာဖြစ်ပါတယ်။
ပြီးတော့ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ပုဂ္ဂလိကသို့ နည်းပညာ လွှဲပြောင်းဆောင်ရွက်မှု (Technology Transfer)တွေ၊ နည်းပညာလွှဲပြောင်းပြီး တဲ့ စားသောက်ကုန်၊ လူသုံးကုန်နဲ့ ပတ်သက်တဲ့ ထုတ်ကုန်ပစ္စည်းတွေ၊ အစားအသောက် စမ်းသပ်စစ်ဆေးတဲ့ စက်ကိရိယာတွေ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ သုတေသနပြကွက်တွေ၊ စံချိန်စံညွှန်းနဲ့ ပတ်သက်တဲ့ အသိပညာတွေ ဖြန့်ဝေရေးအတွက် စာအုပ်တွေကို လည်းပြသသွားမှာဖြစ်ပါတယ်။
ပြည်သူတစ်ရပ်လုံး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရေးနဲ့ နိုင်ငံ့စီးပွားမြှင့် တင်နိုင်ရေးတို့အတွက် အဓိကမောင်းနှင် အားဖြစ်တဲ့ MSME ဖွံ့ဖြိုးတိုးတက်လာစေဖို့ မြန်မာဒစ်ဂျစ်တယ် စီးပွားရေးမြေပုံ ၂၀၃၀ ပါ မဟာဗျူဟာမျှော်မှန်းချက်နဲ့ မဟာဗျူဟာရည်မှန်းချက်တွေ အောင်မြင်ပြည့်မီအောင် ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့မဟာဗျူဟာမဏ္ဍိုင်တွေအလိုက် ဆောင်ရွက်ထားရှိမှုတွေကိုလည်း ပြသသွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်ကော်နာ ပြခန်းကို လာရောက်လေ့လာကြည့်ရှုခြင်းဖြင့် ထွန်းသစ်စ ဒစ်ဂျစ်တယ်နည်းပညာတွေကို အသုံးချပြီး MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုဆောင်ရွက်နိုင်တယ်ဆိုတာကို သိရှိသွားမယ့်အပြင် နည်းပညာပိုင်း လွှဲပြောင်းပံ့ပိုးပေးဖို့ ချိတ်ဆက်ဆောင်ရွက်မှုစတဲ့ အကျိုး ကျေးဇူးတွေကိုရရှိမှာဖြစ်ပါတယ်။
မေး။ ။ ပြည်သူတွေသိရှိစေဖို့ ဖြည့်စွက် ပြောကြားလိုတာရှိရင် ပြောကြား ပေးစေလိုပါတယ်။
ဖြေ။ ။ ကျွန်တော်က ဖိတ်ကြားရေး ဆပ်ကော်မတီမှာ ဥက္ကဋ္ဌ တာဝန်ယူထားရတာဖြစ်လို့ ပြည်သူတွေ လာရောက်လေ့လာကြည့်ရှုကြပါလို့ ဖိတ်ခေါ်လိုပါတယ်။ လာရောက်ကြည့်ရှုကြတဲ့ သူတွေအနေနဲ့လည်း ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်ကော်နာအပါအဝင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲရဲ့ ပြခန်းပေါင်း ၉၉ ခန်းကနေ တွေ့မြင်သိရှိလိုက်တဲ့ MSME ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာဗဟုသုတတွေကို လုပ်ငန်းခွင်တွေ ပြန်ရောက်တဲ့အခါမှာ လုပ်ဖော်ကိုင်ဖက်တွေကို ပြန်လည်မျှဝေဖြန့်ဖြူးပေးကြပါ။ မိမိတို့ရဲ့လုပ်ငန်းတွေ MSME လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ ဆက်လက်အသုံးချ ဆောင်ရွက်ကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။
အခုလို ပြည်ထောင်စုအဆင့်ထုတ်ကုန် ပြပွဲနဲ့ ပြိုင်ပွဲကိုကျင်းပပြုလုပ်ခြင်းဖြင့် ဒေသအသီးသီးက ထုတ်ကုန်တွေကို တစ်နေရာတည်းမှာ ပြသခွင့်ရရှိတဲ့ အတွက် စီးပွားရေးချိတ်ဆက်မှု (Business Engagement)နဲ့ Supply Chain ကို ပိုမိုအားကောင်းစေနိုင်တဲ့အပြင် ဆန်းသစ် တီထွင် ဒစ်ဂျစ်တယ် နည်းပညာအသုံးချမှု တွေကနေတစ်ဆင့် ဒေသထွက်တန်ဖိုးမြှင့် ထုတ်ကုန်တွေကို အရည်အသွေး စံချိန် စံညွှန်းပြည့်မီစွာ၊ ပြည်တွင်းဖူလုံစွာ ထုတ်လုပ်နိုင်မှုမှသည် နိုင်ငံတကာဈေးကွက်အထိပါ ထိုးဖောက်နေရာယူနိုင်မှာဖြစ်ပါတယ်။ နိုင်ငံခြားကို တင်ပို့ ရောင်းချနိုင်ခြင်းအားဖြင့် နိုင်ငံတော်ရဲ့ အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်ဖြစ်တဲ့ တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာဖူလုံရေးတို့ကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေ နိုင်မှာဖြစ်ပါတယ်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် MSME တင်မက အခြားကဏ္ဍများစွာကို အထောက်အကူပြုနိုင်မယ့် သိပ္ပံနဲ့နည်းပညာ၊ အင်ဂျင်နီယာ ပညာရပ်တွေကို သုတေသနပြုလုပ်ခြင်း၊ အရည်အသွေးပြည့်မီတဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ပြုစုပျိုးထောင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ MSME လုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ နည်းပညာ လိုအပ်ချက်တွေရှိရင်လည်း လုပ်ထုံး လုပ်နည်းနဲ့အညီ ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။