၂၄ သြဂုတ်

 

“ငြိမ်းချမ်းမှုမရှိလျှင် မိမိတို့အသွင်ကူးပြောင်းရေးလုပ်ငန်းသည် အောင်မြင်မှု မရရှိနိုင်ပါကြောင်း၊ ကြိုတင်မျှော်မှန်းထားသကဲ့သို့ အခက်အခဲများနှင့်စိတ်ပျက်စရာများ ရှိခဲ့ပါကြောင်း၊ သို့သော်လည်း အဆက်မပြတ် ညှိနှိုင်းဆွေးနွေးမှုများ၊ ထာဝရစိတ်ရှည်သည်းခံမှု၊ ဆွေးနွေးဖက်များ၏ စိတ်ရင်းစေတနာကောင်းမွန်မှု၊ ပြည်သူများနှင့် မိတ်ဆွေများ၏ အားပေးကူညီမှုတို့ဖြင့် မိမိတို့ရှေ့ဆက်လျှောက်လှမ်းနိုင်ခဲ့ပါကြောင်း”  စင်ကာပူနိုင်ငံတွင်ဩဂုတ်လ ၂၁ ရက်နေ့ကပြုလုပ်သည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွင် တွေ့ကြုံနေရသော အခက်အခဲများနှင့်ရှေ့ခရီးလမ်းခေါင်းစဉ်ဖြင့် ဟောပြောပွဲ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းသို့ဆွေးနွေးပြောကြားခဲ့သည်။

 

 

ငြိမ်းချမ်းရေးသည် မြန်မာနိုင်ငံတွင် ပထမဦးစားပေး အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်သည်။ အစိုးရသစ်အနေဖြင့် နိုင်ငံ့တာဝန်စတင်ယူခဲ့သည့် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်မှစ၍ ယခင်အစိုးရ ဖော်ဆောင်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စီမံကိန်းချကာ ဆက်လက်အကောင်အထည် ဖော်ခဲ့သည်။ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်ရေးနှင့် မတူကွဲပြားခြားနားမှုများကြားမှ ရေရှည်တည်တံ့ခိုင်မြဲသော စည်းလုံးညီညွတ်မှုရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ များစွာရှိခဲ့သည်။

 

 

သို့သော် စိတ်ပျက်လက်လျှော့ခြင်းမရှိဘဲ ရှေ့ဆက်ကြိုးပမ်းလျှောက်လှမ်းခဲ့ရာ နှစ်နှစ်အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံအစည်းအဝေး သုံးကြိမ်ကျင်းပနိုင်ခဲ့ပြီး အကြိမ်တိုင်းတွင် အဖိုးတန်သည့် တိုးတက်မှုများရရှိခဲ့သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အခက်အခဲများ မည်မျှရှိသည်ဖြစ်စေ မလျှော့သောလုံ့လဖြင့် ကြိုးပမ်းဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်ထားနိုင်ခြင်းသည် ငြိမ်းချမ်းရေးမရလျှင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် အောင်မြင်မှုမရနိုင်သည်ကို သိရှိထားသောကြောင့်ဖြစ်သည်။

 

 

မြန်မာနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင် မဏ္ဍိုင်သုံးခုက အထောက်အပံ့ပြုထားသည့် ရည်မှန်းချက်ငါးခုရှိပြီး ပထမရည်မှန်းချက်မှာ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လုံခြုံရေးနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးဖြစ်သည်။ ဒုတိယရည်မှန်းချက်မှာ စီးပွားရေးတည်ငြိမ်မှုနှင့် အကြီးစားစီးပွားရေး စီမံခန့်ခွဲမှုများ အားကောင်းလာရေးဖြစ်ကြောင်း စင်ကာပူနိုင်ငံတွင်ပြုလုပ်ခဲ့သည့်ဟောပြောဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားသည်။ ထို့ကြောင့် နိုင်ငံအတွက် အရေးအကြီးဆုံး အဓိကအချက်မှာငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးဖြစ်သည်။

 

 

ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး မရရှိပါက အသွင်ကူးပြောင်းရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ပထမဦးစားပေးတာဝန်အဖြစ် လုပ်ကိုင်ဆောင်ရွက်နေသည်ကိုတွေ့ရသည်။ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ခိုင်မာသည့်အခြေခံအုတ်မြစ်ကို ကျယ်ကျယ်ပြန့်ပြန့်ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာမာတည်ဆောက်နေသည်ကို တွေ့ရသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အကောင်အထည်ဖော်ဆောင်ရွက်မှုများသည် အခြေခံကျသည့် ပထမ ရည်မှန်းချက်၊ ဦးစားပေးအစိတ်အပိုင်းတစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။

 

 

သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝမြင့်မားတိုးတက်ရေး၊ အေးချမ်းသာယာရေး စသည်တို့ပါဝင်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သောနိုင်ငံ ဖြစ်ပေါ်လာရေးကို တိုင်းရင်းသားပြည်သူအပေါင်းတို့ လိုလားမျှော်လင့်လျက်ရှိပါသည်။ ပြည်သူတို့၏မျှော်လင့်ချက်အတွက် အခြေခံကျသည့်၊ အဓိကကျသည့် ဦးစားပေးအချက်မှာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဖြစ်သောကြောင့် ငြိမ်းချမ်းရေးအတွက် အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုတို့ကို တည်ဆောက်ရန် ကြိုးပမ်းကြပြီးတည်ငြိမ်ရေးအတွက် အစဉ်အမြဲသတိရှိကြကာ ညီညီညွတ်ညွတ်လက်တွဲဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။

 

ကြေးမုံ