၂၁ ဇန်နဝါရီ
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး၊ တိုင်းရင်းသား ပြည်သူအားလုံး လိုလားတောင့်တလျက်ရှိသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ ခိုင်မာရေးအတွက် တိုင်းရင်းသားအရေး၊ တိုင်းရင်းသား ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေးဆောင်ရွက်သွားမှသာ လက်တွေ့တိုးတက်မှု ရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဖြစ်သည်။
ထို့ကြောင့် တိုင်းရင်းသားလူမျိုးများနှင့် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို ခေတ်အဆက်ဆက် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရပါသည်။ သို့သော် တိုင်းရင်းသားဒေသများသည် နယ်စပ်နှင့် တောင်ပေါ်ဒေသများ ဖြစ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် အချို့ဒေသများတွင် တည်ငြိမ်အေးချမ်းမှု မရှိသေးခြင်းတို့ကြောင့် ဖွံ့ဖြိုးမှုနှေးကွေးနောက်ကျနေသည်မှာ အမှန်ဖြစ်သည်။ ထိုသို့သော အခြေအနေများနှင့်အတူ တိုင်းရင်းသားအချို့တွင် အမြင်မတူကွဲပြားမှုများနှင့် ယုံကြည်မှုများ နည်းပါးနေသေးသည်ကိုတွေ့ရမည်ဖြစ်သည်။
တောင်ပေါ်နှင့် မြေပြန့်၊ အုပ်ချုပ်သူနှင့် တိုင်းရင်းသား ပြည်သူတို့ကြားတွင် အမြင်မတူ ကွဲပြားခြားနားမှုများ မည်သို့ပင်ရှိသော်လည်း တိုင်းရင်းသားလူမျိုးများ အားလုံးတို့၏ ကိုယ်ပိုင် ယဉ်ကျေးမှု လက္ခဏာများနှင့် ပင်ကိုဓလေ့စရိုက်များမှာ ရိုးသားဖြူစင်ပြီး ချစ်ခင်နှစ်လိုဖွယ် ကောင်းသောကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူအားလုံးတို့က တိုင်းရင်းသားလူမျိုး အားလုံးတို့အပေါ် ချစ်ခင်မြတ်နိုးကြသည်မှာ အမှန်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း တိုင်းရင်းသားဒေသများ တည်ငြိမ်အေးချမ်း သာယာရေးနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကို အတတ်နိုင်ဆုံးဦးစားပေး အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ပေး နေသည်ကို တွေ့ရပါသည်။
သို့သော် အခက်အခဲနှင့် စိန်ခေါ်မှုအမျိုးမျိုးတို့ကြောင့် အချို့ဒေသများတွင် ထင်သလောက် ခရီးမပေါက်သည်ကို တွေ့ရမည်ဖြစ်သည်။ထို့ကြောင့် တိုင်းရင်းသား လူမျိုးများအရေးကို ဝိုင်းဝန်းစုပေါင်း အဖြေရှာရန် လိုအပ်မည်ဖြစ်သည်။ မည်သည့်အခက်အခဲ၊ မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို နိုင်ငံတော်အစိုးရ၏ အလေးထား ကြိုးပမ်းဆောင်ရွက်မှုနှင့် တိုင်းရင်းသားလူမျိုး အားလုံးတို့၏ စည်းလုံးညီညွတ်မှု စွမ်းအားတို့ဖြင့်ဝိုင်းဝန်းကြိုးပမ်း ဖြေရှင်းကြမည်ဆိုလျှင် မျှော်မှန်းသည့်ခရီး နီးစပ်လာမည်ဖြစ်သည်။
တိုင်းရင်းသားလူမျိုးများ၏အရေးကို ဆောင်ရွက်ရာတွင် မတူကွဲပြားမှုများကို ဘေးဖယ်ထားပြီး တူညီသည်များကိုစုစည်း၍ ရှေ့ဆက်ဆောင်ရွက်ကြခြင်း များရှိသကဲ့သို့ မတူညီသော်လည်း ပေါင်းစည်းဆောင်ရွက်နိုင်ခြင်းများလည်း ရှိပါသည်။ မတူကွဲပြားမှုများကို တူညီသောရည်မှန်းချက်ဖြင့် စုစည်းတည်ဆောက်၍ ရနိုင်ပါသည်။ တည်ငြိမ်အေးချမ်းပြီး ကောင်းမွန်သည့်စီမံခန့်ခွဲမှု၊ လမ်းညွှန်မှုများနှင့် မျှမျှတတဆောင်ရွက်နိုင်လျှင် မျှော်မှန်း သည့်အတိုင်း ဖြစ်လာနိုင်မည်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ယင်းတို့နှင့် ပတ်သက်၍ ဇန်နဝါရီလ ၁၈ ရက်နေ့ကကျင်းပသော တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်တွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မှာကြားခဲ့သည်။
တိုင်းရင်းသားလူမျိုးစုအသီးသီးမှာ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ဓလေ့ထုံးစံနှင့် ကိုယ်ပိုင်ယဉ်ကျေးမှုများ ရှိကြသည်။ ထို့ကြောင့် တိုင်းရင်းသားများနှင့် အစိုးရအဖွဲ့ ပေါင်းစည်းဆက်သွယ်ပေးနိုင်ရန်၊ စာပေနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် ပြည်ထောင်စုအဆင့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းထားပြီး ဒေသအလိုက်လည်း တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာနများကို ဖွဲ့စည်းပေးထားသည်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက် ရေးကို ကဏ္ဍအလိုက် ဦးစားပေးဆောင်ရွက်ပေးနေသည်။
သို့ဖြစ်ရာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေးနှင့် တိုင်းရင်းသား ပြည်သူများ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ အားလုံး ညီညီညွတ်ညွတ် အတူတကွ လက်တွဲပူးပေါင်း ဝိုင်းဝန်းကြိုးပမ်း၍ မှန်ကန်သော ယုံကြည်ချက်ဖြင့် စိန်ခေါ်မှုများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မည် ဖြစ်ပါကြောင်း။ ။