နေပြည်တော် မတ် ၂၄

 

ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မြို့နယ် (၈) မြို့နယ်မှ လယ်ဝေးခရိုင်နှင့် ပျဉ်းမနားခရိုင် စဉ်ဆက်ပညာရေးလုပ်ငန်း ဂုဏ်ပြုပွဲကို ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ သီရိမင်္ဂလာ ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ စဉ်ဆက်ပညာရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးစီးကော်မတီ အတွင်းရေးမှူး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသင်ပညာရေးနည်းလမ်းဖြင့် မသင်ကြားခဲ့ရသူများအတွက် ကျောင်းပြင်ပ ပညာရေး (Non-Formal Education) နည်းလမ်းများဖြင့် သင်ကြား‌ပေးနိုင်ရေးကို ပညာရေးဝန်ကြီးဌာန အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်း စာဖတ်ရှိန် မြှင့်တင်ပေးခြင်းအစီအစဉ်၊ ဝင်ငွေတိုးပွားရေး အစီအစဉ်နှင့် ဘဝသာယာရေး အတွက် အသိပညာပေးခြင်းစသည့် အစီအစဉ် (၃) ရပ်ပါဝင်သော စဉ်ဆက်ပညာရေးလုပ်ငန်းကို ခရိုင်နှစ်ခုအတွင်းရှိ စာသင်သားပေါင်း (၂၅၉) ဦးအား စာသင်ဝိုင်းပေါင်း (၂၅) ဝိုင်းဖြင့်စုဖွဲ့၍ စေတနာလုပ်အားပေး နည်းပြနှင့် ကြီးကြပ် (၆၄) ဦးတို့က အဖိုးအခမယူဘဲ စေတနာဖြင့် သင်ကြားပေးနေခြင်းဖြစ်ပါကြောင်း၊ စဉ်ဆက်ပညာရေးလုပ်ငန်း အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြသူများကို အထူးကျေးဇူးတင်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ဦးစီးကော်မတီက ပေးအပ်သည့် မှတ်တမ်းတင်ဂုဏ်ပြုလွှာကို စဉ်ဆက်ပညာရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ကိုယ်စားပြုနည်းပြနှင့် ကြီးကြပ် ကိုယ်စားလှယ်များထံ ပေးအပ်သည်။

 

 

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ယခုဆောင်ရွက်ခဲ့သည့် စဉ်ဆက်ပညာရေး လုပ်ငန်းသည် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း၏ နောက်ဆက်တွဲလုပ်ငန်းအစီအစဉ်တစ်ခု ဖြစ်ပါကြောင်း၊ တတ်မြောက်ထားပြီး စာများမေ့မသွားစေရေး၊ အသက်မွေးရပ်တည်မှုနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုတွင် အထောက်အပံ့ဖြစ်စေရေးအတွက် စဉ်ဆက်ပညာရေး လုပ်ငန်းသည် အဓိကကျပါကြောင်း ပြောကြားပြီး မှတ်တမ်းတင်ဂုဏ်ပြုလွှာနှင့် အသိအမှတ်ပြု လက်မှတ်တို့ကို ပေးအပ်ရာ စဉ်ဆက်ပညာရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည့် နေပြည်တော် ပညာရေးမှူးရုံးနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းတွင် သင်ယူတက်ရောက်ခဲ့သည့် စာသင်သား ကိုယ်စားလှယ်နှစ်ဦးတို့က လက်ခံရယူကြသည်။

 

အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်တို့သည် တက်ရောက် လာသူများနှင့် စာသင်သားပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်