စဉ့်ကိုင် ၁ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးသို့ မန္တလေးမှ ရုံးတက်/ရုံးဆင်း ပြုလုပ်နေသည့် စာရင်းကိုင်(၄) အမျိုးသမီးတစ်ဦးတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပိုးတွေ့ရှိကြောင်း ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထံမှသိရသည်။
အဆိုပါ ပိုးတွေ့လူနာမှာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် အကွက်(၂၉) လှေတန်းရပ်ကွက်မှ စဉ့်ကိုင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးသို့ နေ့ချင်းပြန် ရုံးတက် /ရုံးဆင်း ပြုလုပ်နေသူဖြစ်ရာ စက်တင်ဘာ ၂၉ ရက်နေ့တွင် နေမကောင်း၍ ရှောင်တင်ခင်ခွင့် ခံစားနေပြီး စက်တင်ဘာ ၃၀ ရက်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီးကျန်းမာရေး စစ်ဆေးခဲ့သည်။
ဆက်လက်ပြီး သံသယရှိ ကန်တော်နဒီဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အဆိုပါ၀န်ထမ်း၏ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်များ ရယူစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ကူးစက်ရောဂါ တွေ့ရှိရ၍ ၀န်ထမ်းထိတွေ့ခဲ့သည့် စဉ့်ကိုင်မြို့နယ် အုန်းပင်ခြံကျေးရွာ၊ ရန်အောင်မြင်ရပ်ကွက်၊ တရုတ်စုရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ ကံကြီးကျေးရွာနှင့် ကျောက်ဆည်မြို့နယ် ပနံကျေးရွာတို့မှ ၀န်ထမ်း(၆)ဦးနှင့် ထိတွေ့ခဲ့သူ မိသားစုဝင်များကို Home Quarantine ထားရှိဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းနှင့် အဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့၀င်များ၊ ပရဟိတ အဖွဲ့၀င်များက ၄င်းနှင့်ထိခဲ့သည့် ၀န်ထမ်းများ (၆)ဦးအား Facility Quarantine ထားရှိမည့် တရုတ်စု ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်းတွင် ပိုးသတ်ဆေး ဖျန်းခြင်း၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုအပ်သည်များ ဆောင်ရွက်လျက်ရှိပြီး မြို့နယ်လျှပ်စစ် မန်နေဂျာရုံးကိုလည်း ပိုးသတ်ဆေး ဖျန်းခြင်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရှိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်ပြန်/ဆက်)