စဉ့်ကိုင် မေ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ဆရာ၊ ဆရာမများက လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌ ယခုနှစ်ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် အခြေခံပညာကျောင်းပေါင်း (၁၁၃)ကျောင်းရှိပြီး အဆိုပါကျောင်းများသို့ လာရောက်အပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသည့်အပြင် KG တန်းမှ Grade–5 ထိ ကျောင်းသား ကျောင်းသူတစ်ဦးလျှင် ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ် ၁ ဒါဇင်၊ တူညီကျောင်းဝတ်စုံ အဖြူ၊ အစိမ်းတစ်စုံ၊ ခဲတံ(၆)ချောင်းစီကို လည်းကောင်း၊ Grade-6 မှ Geade-12 ထိ ကျောင်းသားကျောင်းသူ တစ်ဦးလျှင် ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ် ၁ ဒါဇင်၊ ခဲတံ ၂ ချောင်းနှင့် ဘောပင် ၂ ချောင်းတို့ကို အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်စွာ (စဉ့်ကိုင်)