စဉ့်ကိုင်၊ ၃၁ မေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၁−၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများအား ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံမှု လက်ခံခြင်းများကို မေ ၃၁ ရက် နံနက် ၉ နာရီမှစတင်၍ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၌ မေ ၂၄ ရက်မှစတင်၍ မေ ၃၁ ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံ ဆရာ/ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံရာတွင် ကျောင်းနှင့် ကျောင်းသား/ကျောင်းသူများ လုံခြုံရေးအတွက်လည်း သက်ဆိုင်ရာ လုံခြုံရေးတာ၀န်ရှိသူများနှင့် တာ၀န်သိပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းကျောင်း (၆)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၀)ကျောင်း၊ အလယ်တန်းကျောင်း (၉)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၆)ကျောင်း၊ မူလတန်းလွန်ကျောင်း (၃)ကျောင်း၊  မူလတန်း (၇၉)ကျောင်း စုစုပေါင်း (၁၁၃)ကျောင်းရှိရာ  ကျောင်းသား/ကျောင်းသူများအား နိုင်ငံတော်က ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ Mask၊ Face shield များကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)