စဉ့်ကိုင် ဇန်နဝါရီ ၂၀

 

မန္တလေးတိုင်း ဒေသကြီး စဉ့်ကိုင်မြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် ဖူးစားပြောင်း သီးနှံကိုလည်း မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြရာမှ ယခုအချိန်တွင် စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း၊ စဉ့်ကိုင်မြို့နယ်တွင် ဖူးစားပြောင်း (ဆောင်း) ၅၂၄ ဧက စိုက်ပျိုး နိုင်ခဲ့ပြီး ယခုချိန်တွင် ဖူးစားပြောင်း (ဆောင်း)သီးနှံများ စတင် ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

 

ဖူးစားပြောင်း (ဆောင်း)ကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုး၍ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ထွက်ပေါ်ကြောင်း၊ ဖူးစားပြောင်း (ဆောင်း)ကို ယာမြေနှင့် ဥယျာဉ်ခြံမြေများတွင် အများဆုံးစိုက်ပျိုးကြပြီး ထိုင်ဝမ်များကို အများဆုံးစိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစုနှင့် လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ်ငါးသိန်းခန့် ကုန်ကျကြောင်း၊ လက်ကားဈေးကွက်အနေဖြင့် မန္တလေးမြို့သို့ တိုက်ရိုက်ရောင်းချကြသည့်အပြင် ပွဲစားများကလည်း စိုက်ခင်းအထိ လာရောက်ဝယ်ယူကာ ကျောက်ဆည်နှင့် မန္တလေးမြို့တို့သို့ ရောင်းချကြပြီး တောင်သူများက ရန်ကုန်-မန္တလေး လမ်းဘေးတွင်လည်း လက်လီ ရောင်းချကြကြောင်း၊ ထိုင်ဝမ်သကြားပြောင်းဖူးမှာ လူကြိုက်များသောကြောင့် စျေးကွက်တွင် အရောင်းအဝယ် သွက်လျက်ရှိပြီး စျေးကောင်းရလျက်ရှိကြောင်း၊ ဖူးစားပြောင်း စိုက်ပျိုးခြင်းဖြင့် ကျွဲ၊ နွား အစာများအဖြစ် ပြောင်းရိုးများကိုလည်း ပြန်လည်ရောင်းချရသည့်အပြင် ကာလတို သီးနှံဖြစ်သည့်အတွက် တွက်ခြေ ကိုက်သည့် သီးနှံဖြစ်ကြောင်း သိရသည်။

 

သတင်းရင်းမြစ် - စီးပွား/ကူးသန်း