စဉ့်ကိုင်    အောက်တိုဘာ      ၂၂

 

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်နှင့် ဓာတ်အားလျော့နည်းပျောက်ဆုံးမှုများ မဖြစ်စေရေး အတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်ရုံးရှိ ၃၃/၁၁ ကေဗွီ၊ (၁၀)အမ်ဗွီအေ ထရန်စဖော်မာများကို (၂၀)အမ်ဗွီအေ ထရန်စဖော်မာ Control Panal များဖြင့် အစားထိုး အသစ်လဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းများမှာ အောက်တိုဘာ ၁၄ ရက်က ရာနှုန်းပြည့် တပ်ဆင်ပြီးစီးသွားပြီဖြစ်၍ ဒေသခံပြည်သူများ လျှပ်စစ်ဗို့အား ပြည့်ဝစွာသုံးစွဲခွင့်ရရှိပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဝင်းထိန်ထံမှ သိရသည်။

 

 

အဆိုပါ ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို တင်ဒါစနစ်ဖြင့် AG ကုမ္ပဏီမှ တာဝန်ယူ၍ စက်တင်ဘာ ၂၈ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခြင်းဖြစ်ပြီး ခွဲရုံဝန်းအတွင်း တပ်ဆင်ထားရှိသော ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်ရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဝင်းထိန် ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ယခုအခါ မြို့နယ်ရုံး ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံရှိ (၁၀)အမ်ဗွီအေ ထရန်စဖော်မာများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့်  (၂၀)အမ်ဗွီအေ ထရန်စဖော်မာ Control Panal များနှင့် အစားထိုးလဲလှယ် တပ်ဆင်ခြင်းလုပ်ငန်းအား အောင်မြင်စွာ တပ်ဆင်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ စဉ့်ကိုင်မြို့ပေါ်ရှိ ရပ်ကွက်နေ ပြည်သူများနှင့် မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲခွင့်ရရှိပြီဖြစ်ကြောင်း စဉ့်ကိုင်မြို့နယ် လျှပ်အင်ဂျင်နီယာ ဦးဝင်းထိန် က ပြောသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)