စဉ့်ကိုင် စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အသက် (၈၅)နှစ် နှင့်အထက်သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေများကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများအား ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဝင်းစိုးက လူမှု၀န်ထမ်းဦးစီးဌာန ၏ အမျိုးသား လူမှုရေးပင်စင်များ ပေးအပ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှ အသက်(၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀ဝ နှုန်းဖြင့် ထောက်ပံ့ ပေးအပ်ခြင်း ဖြစ်ကြောင်း သက်ကြီးဘိုးဘွားများ အား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်ဖြစ်သော (ဧပြီလ၊ မေလ နှင့်ဇွန်လ)တို့အတွက် တစ်လလျှင် ငွေကျပ် (၁၀၀၀ဝိ/-)နှုန်းဖြင့် သုံးလစာ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အသက်ကြီးဘိုးဘွားများ လက်၀ယ်အရောက် ကျန်းမာရေး၀န်ကြီးဌာန က ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထပ်ဆင့်ထောက်ပံ့ပေးအပ်သွားကြရန် မှာကြားခဲ့သည်။
စဉ့်ကိုင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၄၈)အုပ်စုမှ အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွား (၇၄၉)ဦးအတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်း (၂၂၄၇၀၀၀ဝ)ထောက်ပံ့ပေးခြင်း ဖြစ်ပြီး ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေး၀န်ထမ်းများက ဘိုးဘွားများလက်၀ယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)


