စဉ့်ကိုင်  ဖေဖော်ဝါရီ  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားမပေါ်‌ပေါက်စေရေးနှင့် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများကို ဖေဖော်ဝါရီ ၂၀ ရက်က‌ ကွင်းဆင်း စစ်‌ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးကြည်ဇော်ထိုက်နှင့် တပ်ဖွဲ့ဝင်များက စက်သုံးဆီအရောင်းဆိုင်များအား ပွင့်လင်းရာသီကာလအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် မီးသတ်ဆေးဘူးများ အရန်သင့်ပြင်ဆင်ထားရှိရေး၊ အရေးပေါ်မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး မီး‌ဘေးစီမံချက်ရေးဆွဲထားမှု အခြေအနေများ၊ စက်သုံးဆီသိုလှောင်ကန် များအား မီးဘေးအန္တရာယ်မဖြစ်ပွားအောင် တည်ဆောက်ထားရှိမှုများ၊ မီးသတ်ရေကန်များအတွင်း ရေဖြည့်ထားရှိမှုများ၊ ဝါယာရှော့ကြောင့် မီးလောင်မှုမရှိစေရန်နှင့် မီးဘေးလုံခြုံရေးပစ္စည်းများ အဆင်သင့်ထားရှိမှု ရှိ မရှိတို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။

 

စဉ့်ကိုင်မြို့နယ် မီးသတ်ဦးစီးဌာနအ‌နေဖြင့် ပွင့်လင်းရာသီ၌ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ မီးဘေးအသိပညာပေး လက်ကမ်းများဖြန့်‌ဝေခြင်း၊ လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းများနှင့် အသိပညာ‌ပေးနှိုးဆော်ခြင်းများအား ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ကျော်စွာ(စဉ့်ကိုင်)