စဉ့်ကိုင် ၉ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (NCMP) မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၉) နာရီက မြို့နယ်တရားရုံး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကြည်မို့မို့လွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်တရားသူကြီး ဒေါ်ခင်ဆွေဦးက ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှစတင်၍ မှုခင်းစီမံခန့်ခွဲမှုစီအစဉ်များ၏အနက်အဓိပ္ပာယ်နှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်တရားသူကြီး ဒေါ်သူဇာလှိုင်က မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်သည် အမှုများစစ်ဆေးစီရင်ရာတွင် စံသတ်မှတ်ကာလအတွင်း ပြီးပြတ်စေဖို့၊ တည်ဆဲဥပဒေလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ တရားရုံးက အမှုနှင့်သက်ဆိုင်သူအားလုံးနှင့်အတူ ပူးပေါင်း၍ အချိန်နှင့် တပြေးညီ ထိရောက်စွာ ဆောင်ရွက်နိုင်သည့် အစီအစဉ်ဖြစ်ကြောင်းမှုခင်းများတွင် အငြင်းပွားမှုကို မျှတစွာဖြေရှင်းရန်၊ အမှုလက်ကျန်များနှင့် ကျန့်ကြာနေသော မှုခင်းများလျော့ချ၍ တရားရုံးများအပေါ် ပြည်သူလူထု၏ ယုံကြည်အားကိုးမှုကို မြှင့်တင်ရန်နှင့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်တွင် ဖော်ပြထားသည့် ပုံစံများကို အသုံးပြုပြီးအမှုကို စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်များကိုတရားသူကြီးများ၊ ရှေ့နေများကပူးပေါင်းဆောင်ရွက်သွားကြရန် အကြံပြုခဲ့ပြီးတက်ရောက်လာသူများက မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်နှင့်ပတ်သက်၍ မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားရှင်းလင်းခဲ့ကြောင်း သိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်ပြန်/ဆက်)


