စဉ့်ကိုင် ၁၉ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့် နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် မဲရုံမှူးသင်တန်းကို ယနေ့နံနက် (၉)နာရီက တရုတ်စုရပ်ကွက် မြို့ဦးပရိယတ္တိစာသင်တိုက် ဇာမဏီ ဓမ္မသာလ ဓမ္မာရုံတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကံမြင့်က ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး အတွင်းရေးမှူး ဦးအောင်ဆန်းဦးက သင်တန်းတွင် ပို့ချသွားမည့် ဘာသာရပ်များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် လိုက်နာရမည့်စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက သင်တန်းကို ဆက်လက်ပို့ချခဲ့ရာ သင်တန်းတွင် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ ခန့်ထားခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ်များ ထုတ်ပြန်ကြေညာခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များနှင့် တရားမဲ့ပြုကျင့်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာ ပုံစံဖြည့်သွင်းခြင်း၊ ပြုစုခြင်းနှင့် လုံခြုံရေးအိတ်များထုပ်ပိုးခြင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး လုပ်ငန်းတာဝန်များ၊ ပြန်လည် ဆွေးနွေးခြင်းများဖြင့် သင်တန်းကို ပို့ချသွားမည်ဖြစ်ကြောင်းနှင့် ပထမအကြိမ် သင်တန်းတွင် ရပ်ကွက်/ကျေးရွာ အုပ်စုရှိမဲရုံ (၁၅)ရုံမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ၊မဲရုံမှူး၊ဒုမဲရုံးမှူး သင်တန်းသား/သင်တန်းသူ(၃၀) ဖြင့် ပို့ချ သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးအောင်ဆန်းဦးထံက သိရသည်။
အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင်ပြန်/ဆက်)


