စဉ့်ကူး ၄ ဇန်နဝါရီ

 

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့၌ ယနေ့နံနက်က ကျင်းပပြုလုပ်ရာ စဉ့်ကူးမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့မှ နံနက် ၄ နာရီ မိနစ်၂၀ အချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို တိုင်ထိပ်သို့ လွှင့်တင်ပေးခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြ သည်။

 

ထိုနောက် နံနက် ၇ နာရီအချိန်တွင် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် ၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရက ဖတ်ကြားခဲ့သည်။

 

ဆက်လက်၍ (၇၂) မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူ ကျောင်းသား၊ ကျောင်းသူ၊ အားကစားသမားများနှင့် စဉ့်ကူးမြို့ (အ.ထ.က) ဘင်ခရာ တပ်ဖွဲ့တို့အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မင်းဇော်ဦး(ပြန်/ဆက်)