မန္တလေး ၈ သြဂုတ်
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာ စဉ့်ကူးသစ်တောကြိုးဝိုင်း အကွက်အမှတ် (၃၁) တွင် အမှတ်(၂) သတ္တုတွင်းလုပ်ငန်းနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ထက်ရည်လင်း ကုမ္ပဏီ၊ မြောက်ကျွန်းသူမမကုမ္ပဏီ၊ အောင်ထွန်းလင်းရှိန်ဝင်းကုမ္ပဏီ၊ ရတနာပြည့်ဖြိုးအောင်ကုမ္ပဏီ၊ ထွန်းရွှေစင်ကုမ္ပဏီ အုပ်စုနှင့် မြို့နယ် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို သြဂုတ်လ ၇ ရက် နံနက် ၉ နာခွဲအချိန်က ကျင်းပခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်ကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝ ရေမြေတောတောင်များ စိမ်းလန်းစိုပြေရေး ပြုန်းတီးသစ်တောသစ်ပင်များအား အစားထိုး စိုက်ပျိုးရေးအတွက် ရည်ရွယ်၍ ရေမြေထိန်းသိမ်းရေး ၅၅ ဧက စိုက်ခင်းတွင် ကျွန်းပင်ပေါင်း ၂၉၇၀ဝ ပင်တို့အား လူအင်အား ၃၀ဝ တို့ဖြင့် စိုက်ပျိုးခဲ့ကြခြင်း ဖြစ်သည်။
''ကျွန်တော်တို့ ရွှေတူးဖော်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အနေနဲ့ သစ်တောဦးစီးဌာနမှာ ခွင့်ပြုချက်ယူရင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းအဖြစ် သစ်ပင်အစားထိုးစိုက်ပျိုးခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ရပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ အရင်က လုပ်ကွက်တွေအပေါ်မှာပဲ စိုက်ပျိုးရပေမယ့် အခု သစ်တောဌာနရဲ့ ညွှန်ကြားချက်အရ တစ်စုတစ်စည်းတည်း သတ်မှတ်နေရာတွေမှာ ကုမ္ပဏီရဲ့ မတည်ရင်နှီးငွေနဲ့ အစားထိုး စိုက်ပျိုးနိုင်ဖို့ ကြိုတင်စိုက်ပျိုးထားခြင်းဖြစ်ပါတယ်'' ဟု မြောက်ကျွန်းသူမမ ကုမ္ပဏီ ဒါရိုက်တာ ဦးမောင်ချစ်က ပြောသည်။
မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်သို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းထွန်း၊ သတ္တုတွင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးဆွေ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်း မြို့နယ် တာဝန်ခံ၊ မြို့နယ်သစ်တောဦးစီးမှူးနှင့် သစ်တောဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကုမ္ပဏီအုပ်စု ဒါရိုက်တာ ဦးအောင်မြင့်နှင့် ကုမ္ပဏီဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


