နေပြည်တော် ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ကံတောင်ရွာနှင့် နွယ်ရုံရွာများကို ဩဂုတ် ၄ ရက်တွင် တပ်မတော်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှစ်ဦး အပါအဝင် ပြည်သူ ၁၃ ဦး သေဆုံးခဲ့ကြောင်းကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းရက်တွင် စဉ့်ကူးမြို့နယ် ကံတောင်ရွာနှင့် နွယ်ရုံရွာတို့သို့ တပ်မတော်လေယာဉ်ပျံသန်းမှု လုံးဝမရှိကြောင်း၊ စဉ့်ကူးမြို့နယ်တွင် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အမည်ခံ အကြမ်းဖက် သမားများက လက်နက်ကြီးများ၊ Drop Bomb များဖြင့် တိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေပြီး ၎င်းတို့၏ လက်နက်ကြီးကျည်များသည် ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်များဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့၎င်းတို့၏လုပ်ရပ်အား ဖုံးကွယ်ရန်အတွက် တပ်မတော်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု တရားမဝင်ပြည်ဖျက် မီဒီယာများက မဟုတ်မမှန် သတင်းများ လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


