စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာတွင် "ကျေးလက်ဒေသဖွံ့ဖြိုးရေး" ပြည်သူ့စကားဝိုင်း ကျင်းပ

စဉ့်ကူး   ၂၄  အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်အရ ပြည်သူ့စကား ဝိုင်းဆွေးနွေးပွဲကို အောက်တိုဘာ (၂၃) ရက် မွန်းလွဲ (၁၂)နာရီခွဲက ထုံးကြီးကျေးရွာ ဗောဓိကျောင်း(ဓမ္မာရုံ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရက အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည် သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နုက ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နုက ဦးဆောင်၍ စကားဝိုင်း အစီအစဉ်ကို စတင်ခဲ့သည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထုံးကြီးစခန်းမှူး ရဲအုပ်စိုးမင်းဝေ၊ ထုံးကြီး (အ-ထ-က) ကျောင်းအုပ် ဆရာမကြီး ဒေါ်သန္တာဦး၊ ထုံးကြီးတိုက်နယ်ဆေးရုံ တိုက်နယ်ဆရာဝန် ဒေါက် တာလမင်းကို တို့က မိမိတို့ဌာနအသီးသီးမှ ပြည်သူလူထုအတွက် လုပ်ကိုင်ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်း များအကြောင်း ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာသော ဒေသခံပြည်သူများမှ ထုံးကြီး-တောင်အင်၊ ရွှေပြည်လမ်း (၃)မိုင် (၅)ဖာလုံအား နှစ်စဉ်ရေကျော်လွှမ်းမိုးပြီး လမ်းများပျက်စီးနေပါသဖြင့် အဆိုပါလမ်းအား မြေသားထက်မံမြှင့် တင်ပေးနိုင်ရေး၊ ထုံးကြီး-စားကျက်ကြီးကျေးရွာ ကျောက်စီရေကာတာ ဆက်ရန်ကျန်ရှိသော ပေ(၁၇၀ဝ) အား ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး၊ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပေးနိုင်ရေးတို့ကို ဆွေးနွေးမေး မြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

 

မင်းဇော်ဦး(ပြန်/ဆက်)