စဉ့်ကူး မေ ၁၄
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်နေ့ အခါသမယတွင် ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းပွဲနှင့် မဟာသံဃိကဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မေ ၁၄ ရက် နံနက်ပိုင်းက စဉ့်ကူးမြို့၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်သာသနာ့ဗိမာန်တော်တွင် စဉ့်ကူးမြို့နယ် သံဃာ့နာယက အဖွဲ့ဝင်ဆရာတော်ကြီးများ၊ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက် အသီးသီးမှ ဆရာတော်ကြီးများ၊ မြို့နယ်အတွင်းရှိ ကျောင်းတိုက် အသီးသီးမှ ဆရာတော်ကြီးများ စုစုပေါင်း သံဃာတော် ၁၀၈ ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အရုဏ်ဆွမ်း ဆပ်ကပ်ပြီး ဘုရားအနေကဇာတင် အခမ်းအနား ကျင်းပခဲ့သည်။ ထို့နောက် စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ မြတ်စွာဘုရား အမှူးပြုသော သံဃာတော် ၁၀၈ ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက် ကျင်းပခဲ့သည်။
အဆိုပါ မဟာသံဃိကဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် စဉ့်ကူးမြို့နယ်အနေဖြင့် ဝတ္ထုငွေလှူဒါန်းမှု ငွေကျပ် ၁၁၄၇၉၆၀၃၊ လှူဖွယ်ပစ္စည်းလှူဒါန်းမှု တန်ဖိုး ငွေကျပ် ၁၃၉၀၅၀၀၀ ဖြစ်ပြီး လှူဒါန်းမှုစုစုပေါင်း ငွေကျပ် ၂၅၃၈၄၆၀၀ ဖြစ်ကြောင်း သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)