မန္တလေး ၅ အောက်တိုဘာ

 

စဉ့်ကူးမြို့နယ်၊ ရွှေပြည်-တောင်အင်းလမ်းပေါ်ရှိ တံတားအမှတ် ၇ အား ပြုပြင်ရန် ပြည်ထောင်စုအစိုးရ၏ အရေးပေါ်ရံပုံငွေမှ ကျပ်သန်း ၇၀ဝ သုံးစွဲကာ ပြုပြင်ခြင်းအား မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုလိုက်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က တကယ်လိုအပ်တဲ့လုပ်ငန်းများကို တိုင်းဒေသကြီးဘဏ္ဍာငွေနဲ့ မကာမိတဲ့ အချိန်မှာ ပြည်ထောင်စုရဲ့ အရေးပေါ်ရန်ပုံငွေ တောင်းဆိုခွင့်ရှိပါတယ်’ ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူကပြောသည်။ 

 

 

ယနေ့ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက်အစည်းအဝေး နဝမနေ့ တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားကိုမေးမြန်းရာ သဘောတူသဖြင့် ယခုလိုအတည်ပြုခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုအစိုးရ၏အရေးပေါ်ရံပုံငွေမှ  ကျပ်သန်း ၇၀ဝ သုံးစွဲပြုပြင်မည့်အကြောင်းကို စက်တင်ဘာ ၂၆ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

 

 

စဉ့်ကူးမြို့နယ်၊ ရွှေပြည်- တောင်အင်းလမ်းပေါ်ရှိ တံတားအမှတ် ၇ သစ်သားတံတားသည် ၂၀၁၇ ခုနှစ် သြဂုတ်လ၂၃ ရက်က  ဧရာဝတီမြစ်ရေ ထူးခြားစွာ မြင့်တက်ခဲ့သဖြင့် ကမ်းပါးကိုရေတိုက်စားပျက်စီးပြီး တံတားတစ်ခန်းမျောပါသွားခဲ့သည်။ အဆိုပါတံတားကို သံကူကွန်ကရစ်တံတားအဖြစ် အသစ်တည်ဆောက်ပေးရန် လိုအပ်သောခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၇၀ဝ အား အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲရန်တင်ပြချက်အပေါ် ၂၀၁၈ သြဂုတ်လ ၂၃ တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၁၅ / ၂၀၁၈ ဆုံးဖြတ်ချက်ဖြင့် သဘောတူကြောင်းမှတ်တမ်း ကောက်နုတ်ချက်ပေးပို့ထားကြောင်းသိရသည်။ 

 

 

ရွှေပြည်-တောင်အင်းတံတားကို သံကူကွန်ကရစ်တံတားအဖြစ် ပြင်ဆင်ရန်အတွက်  ပြည်ထောင်စုအရေးပေါ်ရံပုံငွေမှ ကျပ်သန်း ၇၀ဝ ချထားပေးခြင်းနှင့်ပတ်သက်ပြီး စဉ့်ကူးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ဦးက “ရွှေပြည် - တောင်အင်း -ထုံးကူးလမ်းဟာ စဉ့်ကူးမြို့နယ်အတွက် အချက်အချာကျတဲ့ ကျေးရွာချင်းဆက်လမ်းဖြစ်ပါတယ်၊ ကျေးရွာအုပ်စု ၁၅ အုပ်စု ကျေးရွာ ၃၇ ရွာ လူဦးရေ ၃၂၅၃၂ ဦးအသုံးပြုတဲ့လမ်းဖြစ်ပြီး ဒီလမ်းကိုမှီခိုအားထားနေရပါတယ်”ဟုပြောသည်။

 

 

တိုင်းဒေသကြီး၏ဘဏ္ဍာငွေအရ ၊ အသုံးဆိုင်ရာဥပဒေတွင် အရေးပေါ်ရံပုံငွေ ပုဒ်မ ၈ တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့သည် အရေးပေါ်ရံပုံငွေမှ ကျခံသုံးစွဲရသည်များကို ကိစ္စတစ်ရပ်ချင်း ဘဏ္ဍာရေးနှစ်အတွင်း မသုံးစွဲလျှင်မဖြစ်သည့် အရေးပေါ်ကိစ္စများအတွက် အသုံးစရိတ်ဖြစ်ပြီး အရအသုံးငွေစာရင်းတွင်လျာထားခြင်းမရှိသော အသုံးစားရိတ်အတွက်သာ ပြည်ထောင်စုအစိုးရအဖွဲ့ ၏ရံပုံငွေမှ တောင်းခံသုံးစွဲနိုင်သည်ဟု ပြဌာန်းထားသည်။


အိမို့မို့ခိုင်