စဉ့်ကူး ၂၄ ဇန်နဝါရီ
စဉ့်ကူးမြို့မရဲစခန်းမှ တာဝန်ရှိသူများနှင့် အဖွဲ့သည် ဇန်နဝါရီ ၂၂ ရက် ည ၉ နာရီခန့်က စဉ့်ကူးမြို့နယ် ဝါးရုံကုန်းကျေးရွာအုပ်စု မင်းကြီးကုန်းကျေးရွာထိတ် စဉ့်ကူး-လက်ပန်လှသွား ကားလမ်းပေါ်တွင် မှုခင်းကျဆင်းရေးအတွက် ပိတ်ဆို့စစ်ဆေး ဆောင်ရွက်နေစဉ် ဆိုင်ကယ်ဖြင့် မောင်းလာသူ ၂ ဦးထံမှ ဘိန်းဖြူဟု ယူဆရသည့် ဖြု/ဝါရောင်အမှုန့် ၁.၃ ဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ စဉ့်ကူးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မြင့်ထွေးနှင့် အဖွဲ့သည် သက်သေများနှင့်အတူ စဉ့်ကူး-လက်ပန်လှ ကားလမ်းမပေါ်တွင် မှုခင်းကျဆင်းရေးအတွက် ပိတ်ဆို့စစ်ဆေး ဆောင်ရွက်နေစဉ် လက်ပန်လှဘက်မှ စဉ့်ကူးဘက်သို့ ဆိုင်ကယ်ယာဉ်မောင်း လွှမ်းမိုးအောင် မောင်းနှင်ပြီး နောက်တွင် သန့်ဇင်မိုး လိုက်ပါလာသည့် ၁၁ယ/------ နံပါတ်ပါ LUOJIA-110 အမျိုးအစားဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ သန့်ဇင်မိုးထံမှ ဘိန်းဖြူဟု ယူဆရသည့် ဖြူ/ဝါရောင်အမှုန့် ၁.၃ ဂရမ်ခန့် စစ်ဆေး တွေ့ရှိရသဖြင့် သက်သေများရှေ့တွင် ဒုရဲအုပ် မြင့်ထွေးမှ ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်းဆည်းခဲ့ပြီး စစ်မေးရာ အဆိုပါ ဘိန်းဖြူဟု ယူဆရသော ဖြူ/ဝါရောင် အမှုန့် ၁.၃ ဂရမ်ခန့်ကို ၎င်းတို့ ၂ ဦး မိုးကုတ်မြို့မှ ရွှေဘိုမြို့သွားရောက်စဉ် မိုးကုတ်မြို့အထွက် အမည်မသိ အမျိုးသား အသက် (၃၀)နှစ်ခန့် အသားဖြူနီစပ် နေရပ်လိပ်စာမသိထံမှ ဝယ်ယူခဲ့သည့် ပစ္စည်းများဖြစ် ပြီး ၎င်းတို့ ၂ ဦး သုံးစွဲရာမှ ကျန်ရှိသော ပစ္စည်းများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဘိန်းဖြူဟုယူဆရသော ဖြု/ဝါရောင်အမှုန့်များအား လက်ဝယ်ထားရှိသူ သန့်ဇင်မိုး (၂၄) နှစ် အင်းလုပ်သား မိုးကုတ်မြို့နေသူနှင့် လွှမ်းမိုးအောင် (၂၃)နှစ် ဝပ်ရှော့လုပ်ငန်း ရွှေဘိုမြို့နေသူတို့ (၂)ဦးအား စဉ့်ကူးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းဇော်ဦး(ပြန်/ဆက်)