တင့်လွင်ဦး (စီးပွားရေး တက္ကသိုလ်)
စက္ကန့်နှင့်အမျှ တိုးတက်လျက်ရှိသည့် ခေတ်ကြီးနှင့်အညီ ရုပ်ရှင်သည် ပြည်သူ့ အတွက်၊ နိုင်ငံတစ်နိုင်ငံ၏ ပြယုဂ်၊ ဂုဏ်ပုဒ် တစ်ခု အမျိုးသားရေးလက္ခဏာ၊ ၁၉၂၀ ပြည့်နှစ်မှစတင်၍ ကိုယ်ထူကိုယ်ထ စတင်ခဲ့ သော မြန်မာ့ရုပ်ရှင်သည် ယခုအခါ ရာပြည့် ခရီးဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ချီတက် လျက်ရှိသည်။
နိုင်ငံတော်အကြီးအကဲများ၏ အားပေး ကူညီမှု၊ ရုပ်ရှင်အနုပညာရှင်အပေါင်းတို့၏ ကြိုးပမ်းအားထုတ်မှုတို့ကြောင့် ရုပ်ရှင်ကားများ အပြိုင်အဆိုင် ထုတ်လုပ်လျက်ရှိပြီး ရုံတင်သမျှ ကားတိုင်းလိုလို ရုံပြည့်ရုံလျှံ။
“ထားဝယ်ရုပ်ရှင်” မှ ဦးစိုးသန်း တာဝန်ခံထုတ်လုပ်ပြီး မီးမီးရဲ့ဇာတ်လမ်းကို ဇာတ်ညွှန်းနှင့် ဒါရိုက်တာ အကယ်ဒမီများရှင် ဝိုင်းက “ကာဗွန်ဒိုင်အောက်ဆိုဒ် CO2” ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးခဲ့ရာ မင်းသား အလင်းရောင်၊ ကျော်ထက်အောင်၊ အကယ်ဒမီများရှင် ဖွေးဖွေး၊ ရတနာဗိုနှင့် ဝါရင့် သရုပ်ဆောင်များ ပါဝင်အားဖြည့် ထားသည်။
ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းအရ အလင်းရောင် (နောင်နောင်)နှင့် ဖွေးဖွေး(သာယာ)တို့သည် ငယ်သူငယ်ချင်း။ ကြီးပြင်းလာသည့်တိုင် သိပ်ကိုခင်မင်ရင်းနှီးကြသည်။ တစ်ဆင့် တက်၍ တစ်ဦးနှင့်တစ်ဦး ဖွင့်မပြောဖြစ်ခဲ့ကြသော်လည်း ရင်ထဲက ချစ်နေခဲ့ကြသည်။ ထိုစဉ် မမျှော်လင့်ဘဲ ဖွေးဖွေး(သာယာ)နှင့် ကျော်ထက်အောင် (အာကာစိုးမိုး) တို့ ဆုံတွေ့ ခဲ့ကြပြီး ချစ်သူဖြစ်ခဲ့ကြရာ လက်ထပ်ဖို့အထိ ရည်ရွယ်ခဲ့ကြသည်။ နောင်နောင်သည် အလုပ်ထဲတွင် အဆင်မပြေမှုများ ကြုံတွေ့နေရသည့်အတွက် အချစ်ရေးဘက်သို့ ခြေဦး မလှည့်နိုင်၊ ရုတ်တရက် စိုးမိုးနှင့် သာယာတို့ ချစ်သူဖြစ်သွားကြကြောင်း သိလိုက်ရသည့်အခါ နောင်နောင် သွေးပျက်မတတ် ခံစား လိုက်ရသည်။ ရည်းစားလူလု အူနုကျွဲခတ်၊ နောင်နောင့်ဘဝ ရှင်လျက်နှင့် သေရသည့်ပမာ။ ဘယ်သို့ဖြေသိမ့်လို့မရ။ တရားသည်၊ မတရားသည် သူမသိ။ သာယာ့ကို ပိုင်ဆိုင်ဖို့သည်သာ အဓိက။ မရရတဲ့နည်းနဲ့ယူမည်။ အာကာစိုးမိုးနှင့် ညီမဖြစ်သူ ရတနာဗို(ပိုပို) တို့၏ဘဝကိုလည်း ပျက်စီးအောင်ကြံသည်။
တစ်ချက်ခုတ် နှစ်ချက်ပြတ်။ နောင်နောင်သည် အောက်လမ်းဆရာထံ ချဉ်းကပ်ပြီး အောက်လမ်းပညာဖြင့် သာယာ ကိုယ့်ဘက်ပါလာအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း သူ့လုပ်ရပ်သည် မကောင်းမှုကို ဦးတည်ခဲ့သည့် တွက် သူ့မကောင်းမှုဒဏ် သူပြန်ခံရင်း ဇာတ်သိမ်းမလှ ဘဝဆုံးခဲ့ရသလို ကြားထဲက မရှုမလှ ဘဝပျက်ခဲ့ရသူက ပိုပို၊ လောကမှာ စုန်း၊ ကဝေ၊ အောက်လမ်းဆိုတာတွေ ရှိကောင်းရှိမည်။ သို့သော် ထိုလုပ်ရပ်များသည် ကောင်းသောလုပ်ရပ်မဟုတ်။ လူသားတို့ကို အကျိုးမပြု။ ကိုယ့်စိတ်ဆန္ဒ အလိုမကျတိုင်း ယုတ်မာသော စိတ်အကြံဖြင့် တစ်ပါးသူကို ဒုက္ခမပေးသင့်။ အောက်ဆီဂျင်သည် လူသား တို့ကို အကျိုးပြုသော်လည်း ကာဗွန်ဒိုင် အောက်ဆိုဒ်သည် လူသားတို့ကို အကျိုးမပြု။ CO2 လို မဖြစ်ကြဖို့ ဒါရိုက်တာဝိုင်းက မီးမောင်းထိုးပြထားသည်။
မကြောက်သူရှား
CO2 ၏ အစတွင် ကြည်နူးဖွယ် အချစ် ဇာတ်လမ်းဖြင့် မြစ်ဖျားခံခဲ့သော်လည်း တဖြည်းဖြည်း ဇာတ်ရှိန်မြှင့်ကာ ကြေကွဲမှု၊ နာကြည်းမှု၊ မုန်းတီးမှုတွေ ရောယှက်လာသည့် အခါ ပေါက်ကွဲမှုသံစဉ်များသည် သာယာနာပျော်ဖွယ် ကင်းမဲ့သွားတော့သည်။ CO2 တွင် ပါဝင်သူအားလုံး ကောင်းကြ၊ တော်ကြ ပါပေသည်။ ထောင့်စေ့သည်။ ဒါရိုက်တာဝိုင်း ခေတ်နှင့်အညီ အမီလိုက်၍ ရိုက်တတ်ပါပေသည်။ ဖွေးဖွေးကတော့ ဝါရင့်၊ သမ္ဘာရင့်ပီပီ ပြောဖို့မလို။ CO2 ကြည့်ပြီး မကြောက်သူ ရှား၏။
ဆေးစက်ကျရာ အရုပ်ထင်သူ
CO2 သည် ဇာတ်လမ်းအရ မင်းသား အလင်းရောင်၏ဇာတ်၊ “ရွှေကြာ” ဇာတ်ကား တွင် အလင်းရောင်သည် သူ၏ရုပ်လက္ခဏာနှင့်အညီ တည်ငြိမ်အေးဆေးသော အသွင်ဖြင့် သရုပ်ဆောင်ခဲ့သော်လည်း CO2 တွင် ရွံမုန်း စရာကောင်းသည့် ဗီလိန်အသွင်ကို အပီပြင်ဆုံး သရုပ်ဆောင်ခဲ့သည်။ ဒါရိုက်တာ တော်သလို၊ အလင်းရောင် သတ္တိကောင်းသည်။ တော်သည်။ ဆေးစက်ကျရာ အရုပ်ထင်သူ အဖြစ် ရှုမြင်ခဲ့ရသည်။
အမုန်းများနှင့် လှသည့်သူတစ်ဦး
အလင်းရောင်သည် ဗီလိန်လူယုတ်မာအဖြစ် သရုပ်ဆောင်ရသော်လည်း ဝုန်းဒိုင်း မကြဲ၊ ညက်ညက်လေးဖြင့် စိမ့်စိမ့်ပြီး ကြောက်စရာကောင်းလောက်အောင် သရုပ်ဆောင်သွားသည်။ CO2 တွင် အလင်းရောင် သည် မထိတထိအပြုံး၊ သရော်ပြုံး၊ လက်စားချေ လိုသည့်အပြုံး၊ နာကြည်းမုန်းတီးသည့်အပြုံး၊ မချိပြုံး၊ အကောက်ကြံလိုသည့်အပြုံး၊ ယုတ်မာ ပက်စက် သွေးအေးအေးဖြင့် ရက်စက်တော့မည့်အပြုံး၊ အချိုသတ် ယုတ်မာတော့မည့်အပြုံး၊ အောင်ပွဲခံသည့်အပြုံး စသည်ဖြင့် အပြုံး ပေါင်းစုံတို့ကို တစ်မျိုးနှင့်တစ်မျိုး မရိုးရလေအောင် စွမ်းဆောင်နိုင်သူတစ်ဦး။ ထူးခြားသည်က အလင်းရောင်သည် ရွံမုန်းစရာ ကောင်းလောက်အောင် အစွမ်းကုန် သရုပ်ဆောင်ပြနေသော်လည်း ပရိသတ်သည် သူ့ကို အမုန်းမဖက်သည့်အပြင် ရုံပြင်ထွက်သည်နှင့် ပရိသတ်များ၏ ချီးကျူးသံများကို တဝကြီး ကြားလိုက်ရသည်။ အလင်းရောင်သည် အမုန်းများနှင့် လှသည့်သူတစ်ဦးဟု ဆိုလိုက်ချင်သည်။
ရုပ်ရှင်လောကသို့ စတင်
မင်းသား အလင်းရောင်၏ လက်ဦးဆရာ မှာ ဒါရိုက်တာဝိုင်း။ အမည်ရင်း ဝေယံမြင့်၊ အဖ ဦးမောင်မောင်မြင့်၊ အမိ ဒေါ်သီသီဆွေ တို့က ၁၉၉၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ မန္တလေး ရတနာပုံတက္ကသိုလ်မှ B.A (English) ဘွဲ့ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ရုပ်ရှင်လောကသို့ စတင်ရောက်ရှိသည်။ ၂၀၁၄ ခုနှစ်တွင် ဒါရိုက်တာ ဝင်းလွင်ထက် ရိုက်ကူးသည့် “ရည်းစားဦး” ဇာတ်ကားတွင် ခေါင်းဆောင် မင်းသားအဖြစ် မင်းသမီး သဉ္ဇာနွယ်ဝင်းနှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည်။ ထိုမှဆက်၍ ရုံတင်ပြသပြီးဖြစ်သော ဘယ်ရည်းစားကို အချစ်ဆုံးလဲ၊ 3-Girls ၊ ရွှေကြာ၊ ကာဗွန်ဒိုင် အောက်ဆိုဒ် CO2 နှင့် ဣတ္ထိယ ရုပ်ရှင် ဇာတ်ကားများ ရိုက်ကူးခဲ့သည်။ ရိုက်ကူးပြီး ဖြစ်သော်လည်း ရုံမတင်ရသေးသော ဇာတ်ကားများမှာ သမ္မတကြီးထံပေးစာ၊ သတို့သမီး၊ ကော်တရာ၊ သစ္စာတရား၏ အမိန့်ပေးသံ၊ ရှေ့သွားနောက်လိုက်၊ Play Boy၊ မိန်းမဟူသရွေ့ ငါတို့၏ စကားမြစ်၌မျောကြစေသတည်း၊ နောင်တွင် ဥဒါန်းတွင်စေသတည်း၊ ထော်လော်ကန့်လန့်နှင့် ခြေဆယ့်တစ်လှမ်း တို့ဖြစ်သည်။ ဗီဒီယိုအဖြစ် ဆွဲစားပစ်လိုက်တော့နှင့် အသည်းကြီးဝတ်ရည်၊ ရုပ်/သံ ဇာတ်လမ်း တို့အဖြစ် “မနေ့ကဖြစ်သည်”နှင့် ရိုက်ကူးဆဲဖြစ်သော “သစ္စာချည်တိုင်” အဆိုဝါသနာပါသူဖြစ်သည့်အတွက် ၂၀၁၆ ခုနှစ်တွင် တစ်ကိုယ်တော် OHμ MY CRUSH တေးအယ်လ်ဘမ်ကိုလည်း ဖန်တီး ခဲ့သည်။ အချုပ်အားဖြင့် မြန်မာ့ရုပ်ရှင်အတွက် အထောက်အပံ့ဖြစ်စေသည့် ကားကောင်း တစ်ကားနှင့် မင်းသားကောင်းတစ်လက် ထပ်မံပေါ်ထွက်ခဲ့ပြီဖြစ်ရာ “CO2 နှင့် အလင်းရောင်” ခေါင်းစဉ်တပ်၍ ဤဆောင်းပါးကို ရေးသားလိုက်ရပါကြောင်း ရုပ်ရှင်ချစ်ပရိသတ်အပေါင်းတို့။
ကြေးမုံ