နေပြည်တော် နိုဝင်ဘာ ၃
တောင်ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ Coex Convention & Exhibition Center ၌ နိုဝင်ဘာ ၂ ရက်မှ ၅ ရက်အထိ “Coex Food Week 2022” ကုန်စည်ပြပွဲကို ကျင်းပလျက်ရှိရာ ပြပွဲ၏ ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂ ရက်တွင် ကျင်းပသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ တက်ရောက်ခဲ့ပြီး တောင်ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးက ကုန်စည်ပြပွဲသို့ လာရောက်ကြည့်ရှု အားပေးခဲ့သည်။
ကုန်စည်ပြပွဲတွင် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များမှ ပြခန်းပေါင်း(၁၄၀၀)ဖြင့် ဝင်ရောက် ပြသလျက်ရှိပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံမှ စားသောက် ကုန်ထုတ်လုပ်သည့် ကုမ္ပဏီ(၁၀)ခုသည် သစ်သီးခြောက်၊ ငရုတ်သီးအမျိုးမျိုး၊ ကော်ဖီ၊ နှမ်းလှော်မှုန့်၊ ပျားရည်၊ ဆန်ပြုတ်၊ လက်ဘက်ခြောက်အမျိုးမျိုး၊ ယိုအမျိုးမျိုးနှင့် ဖျော်ရည် အမျိုးမျိုးတို့ကို ပါဝင်ပြသလျက်ရှိသည်။
ကုန်စည်ပြပွဲသို့ ကိုရီးယားသမ္မတနိုင်ငံနှင့် နိုင်ငံတကာမှ လေ့လာကြည့်ရှုဝယ်ယူသူများအနေဖြင့် ခင်းကျင်းပြသလျက်ရှိသည့် မြန်မာစားသောက်ကုန်များကို စိတ်ဝင်တစားလာရောက် ကြည့်ရှု ကြပြီး ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များနှင့် အပြန်အလှန် အကျိုးရှိစေမည့် Business Matching များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)