နေပြည်တော် ၁၇ နိုဝင်ဘာ

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ဗဟိုကော်မတီဉက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဉီးမင်းသူ၊ ဉီးသောင်းထွန်း၊ ဉီးကျော်တင်၊ ဉီးသိန်းဆွေ၊ ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဉီးဆက်အောင်၊ ဉီးကျော်မျိုး၊ ဗဟိုကော်မတီအတွင်းရေးမှူးများ ဖြစ်ကြသော ဉီးဇော်သန်းသင်းနှင့် ဒေါက်တာ သက်ခိုင်ဝင်းတို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အထွေထွေရွေးကောက်ပွဲအပြီး လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ခြင်းများရှိခဲ့ရာ နိုဝင်ဘာလကုန် ရက်သတ္တပတ်ကာလ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်မှုမရှိစေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအစီအမံများ ကြိုတင်ဆောင်ရွက်ထားရှိရေး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ဆေးရုံတက်လျက်ရှိသော လူနာများထဲမှ ဆေးရုံဆင်းခွင့်ပြုနိုင်သည့် လူနာများအား ဆောလျင်စွာ ဆေးရုံဆင်းခွင့်ပေးနိုင်ရေး၊ အအေးပိုင်းဒေသများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် ထိန်းသိမ်းဆောင်ရွက်သွားရေး၊ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် ပြည်သူများအနေဖြင့် မိမိအစီအစဉ်ဖြင့် ဆေးကုသမှုပြုခဲ့ပြီး အခြေအနေဆိုးရွားမှသာ ဆေးရုံသို့ လာရောက်ပြသမှုကြောင့် ဆေးရုံသို့ရောက်ရှိချိန်တွင် သေဆုံးခြင်းဖြစ်ကြောင်း တွေ့ရှိရသဖြင့် ဆေးရုံသို့ လာရောက်ပြသရန် ကြောက်ရွံ့မှုမရှိစေရေး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါကုသရေးအတွက် ပြည်စုံစွာ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် စိုးရိမ်ရသည့် လူနာများဖြစ်ပါက မိသားစု/ ဆွေမျိုးများထဲမှ လူနာစောင့်တစ်ဉီး လိုက်ပါစောင့်ရှောက်နိုင်ရန်  ခွင့်ပြုပေးရေး၊ နိုင်ငံတော်မှ စတုတ္ထအကြိမ် ငွေကြေးထောက်ပံ့နေမှုအပေါ် မလိုလားသူများက ဉီးဆောင်ပြီး လူစုလူဝေးဖြင့် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်လျက်ရှိရာ အဆိုပါအဖွဲ့မှ ဉီးဆောင်သူများအား ဖော်ထုတ်၍ ဉပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားရန်နှင့် လိုက်ပါဝန်းရံသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် လိုအပ်သော ပညာပေးဟောပြောမှုများ ဆောင်ရွက်သွားရေး၊ နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ ကာလအတွင်း ပြည်သူများ နေအိမ်တွင်နေထိုင်ရန် ပန်ကြားချက်အား ထုတ်ပြန်သွားရေးနှင့် အဆိုပါကာလအတွင်း ပြည်သူများ အပန်းဖြေနိုင်ရန် ဖျော်ဖြေရေးအစီအစဉ်များ ပိုမိုတိုးမြှင့်ထုတ်လွှင့်ပြသနိုင်ရေး၊ Stay at Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များရှိ (A) အဆင့်သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရေး၊ Stay at Home သတ်မှတ်ထားခြင်း မရှိသော တိုင်းဒေသကြီး/ ပြည်နယ်များမှ တန်ခိုးကြီးဘုရား၊ ပုထိုး၊ စေတီများအား နေ့စဉ် နံနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ် လူဉီးရေကန့်သတ်ချက်ဖြင့် ဖူးမြော်ခွင့်ပြုနိုင်ရေး၊ နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအပေါ် မူတည်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ Stay at Home သတ်မှတ်ထားခြင်း မရှိသော မြို့နယ်များရှိ ဘုရား၊ ပုထိုး၊ စေတီများ ဖူးမြော်ခွင့်နှင့် ဘုန်းကြီးကျောင်း၊ ဗလီ၊ Church ကျောင်းများတွင် ဉပုသ်သီလဆောက်တည်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်းများ တစ်လလျှင် လေးကြိမ် လူဉီးရေ ၃၀ ထက်မပိုဘဲ ခွင့်ပြုနိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိရေးနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအပေါ် မူတည်၍ ချက်ချင်း ပြန်လည်ရပ်ဆိုင်းရန်  စီစဉ်ဆောင်ရွက်ထားရှိရေး၊ ဒီဇင်ဘာ ၂၅ ရက်တွင် ကျရောက်မည့် ခရစ်စမတ်ပွဲတော်နှင့် ဒီဇင်ဘာ ၃၁ ရက် နိုင်ငံတကာ နှစ်သစ်ကူး ပွဲတော်နေ့များ၌ Church ကျောင်းများတွင် ဝတ်ပြုဆုတောင်းခြင်းအား လူ ၅၀ ထက် မပိုစေဘဲ ခွင့်ပြုနိုင်ရေး၊ ခရစ်စမတ်ပွဲတော်ကာလတွင် လူအများစုဝေး၍ နေအိမ်များသို့  သီချင်းများလိုက်လံသီဆို ဆုတောင်းခြင်းများကို ခွင့်မပြုဘဲ Church ကျောင်းများ၌ ဝတ်ပြုဆုတောင်းသီဆိုခြင်းများကိုသာ ခွင့်ပြုရန်အတွက် လိုအပ်သော ကျန်းမာရေးစံသတ်မှတ်ချက်အား ညှိနှိုင်းရေးဆွဲရေး၊ ခရစ်စမတ်ပွဲတော်နှင့် နိုင်ငံတကာနှစ်သစ်ကူးပွဲတော် အကြိုကာလအတွင်း ပြည်သူများ စိတ်ပျော်ရွှင်ချမ်းမြေ့စေရန် ဖျော်ဖြေရေး ကဏ္ဍအစီအစဉ်များ၊ သီချင်းဆိုပြိုင်ပွဲများနှင့် အငြိမ့်ဖျော်ဖြေပွဲများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအစီအစဉ်နှင့် အခြားရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသနိုင်ရန် စီစဉ်ဆောင်ရွက်သွားရေး၊ ကနဉီး မော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ဝန်ဆောင်မှုပြုနိုင်ရေး၊ Stay at Home  သတ်မှတ်ထားသော မြို့နယ်များအား ကိုဗစ်-၁၉ ဖြစ်ပွားမှုအပေါ် မူတည်၍ ဖြေလျော့ပေးနိုင်ရေး၊ ပြည်တွင်းလေယာဉ်ခရီးစဉ်များ ပြန်လည်ပြေးဆွဲခွင့်ပြုနိုင်ရေး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး ပြည်နယ်များသို့ ခရီးသွားရန် အကြောင်းကိစ္စပေါ်ပေါက်ပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနများမှ ဆေးစစ်ဆေးမှုခံယူပြီး ပိုးမရှိပါက သွားလာစေရေးနှင့် ပိုးမရှိကြောင်း ထောက်ခံချက်ပါရှိပါက ရောက်ရှိနေရာရှိ စစ်ဆေးရေးဂိတ်များတွင် ပြသပြီး ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကွာရန်တင်းဝင်ရောက်ခြင်းတို့ကို မပြုစေတော့ဘဲ သွားလာခွင့်ပြုရေးတို့နှင့် စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးကြသည်။

ထို့နောက် ဗဟိုကော်မတီ ဉက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လိုအပ်သည့် ဆုံးဖြတ်လမ်းညွှန်ချက်ပေးခြင်းများ ဆောင်ရွက်ပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းလိုက်သည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးအစီအစဉ်များ အပါအဝင် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့် ရေတို၊ ရေရှည်အစီအမံများနှင့် စပ်လျဉ်း၍ ယခုသီတင်းပတ်အတွင်း သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

သတင်းစဉ်