နေပြည်တော် ၃ ဧပြီ

 

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ဧပြီ ၃ ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သို့ ကျေးဇူးတင်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကျေးဇူးတင်လွှာတွင် Coronavirus Disease 2019 (COVID-19) သည် ယခုအခါ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကူးစက်ပြန့်ပွားနေသော ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ် ၁၁ ရက်က ထုတ်ပြန်ကြေညာခဲ့ရာ မြန်မာနိုင်ငံ အနေဖြင့်လည်း အထူးအလေးထားပြီး ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ အစီအမံများ ချမှတ်ခြင်းနှင့် ရေရှည်ထိခိုက်လာနိုင်သည့် အကျိုးဆက်များ၊ ဆိုးကျိုးများကို ဖြေရှင်းရေးဆိုင်ရာနည်းလမ်းများ ကျင့်သုံးဆောင်ရွက်ခြင်းတို့ကို ပိုမိုထိရောက်စွာ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ဤသို့သော အချိန်ကာလမျိုးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများပူးပေါင်း၍ အခြေခံစားသောက်ကုန်များကို ဈေးကွက်အတွင်း ပြတ်လပ်ခြင်း မရှိစေရေးနှင့် သက်သာသောနှုန်းထားဖြင့် ပြည်သူများသို့ ရောင်းချခြင်းဖြင့် COVID-19 သက်ရောက်မှုကြောင့် အများပြည်သူများ ထိခိုက်မှုမရှိစေရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မတ် ၂၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်ကို သိရှိရပါကြောင်း။

 

သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရ၏ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်အား ကျေးဇူးတင်ရှိပါကြောင်းနှင့် စုပေါင်းအားဖြင့် ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုလျှင် မည်သို့သော အခက်အခဲမျိုးကိုမဆို ကျော်လွှားနိုင်ပါသဖြင့် ရှေ့ဆက်၍လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း ဖော်ပြထားသည်။

 

သတင်းစဉ်