နေပြည်တော် ၃ ဇွန်
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူရှင်များက ဓာတ်ခွဲခန်းစက်ကိရိယာများကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်လှူဒါန်းရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး(၂)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူသည်။
ရှေးဦးစွာ COVID-19 ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရန် မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးနှင့် လားရှိုးမြို့များရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနများသို့ ဓာတ်ခွဲစက် ကိရိယာများလှူဒါန်းရန်အတွက် ဝယ်ယူတင်သွင်းမှုဖြစ်မြောက်ရေးဆိုင်ရာ ကိစ္စရပ်များကို Kinnected Myanmar မှ National Director Dr. Naw Jar က ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အလှူရှင် မန္တလေးမြို့ပြ ဖွံ့ဖြိုးရေးရန်ပုံငွေရှာဖွေရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းနှင့် ဝေအောင်ကမ္ဘာ ကျောက်မျက်ကုမ္ပဏီလီမိတက်၊ ဥက္ကဋ္ဌကိုယ်စား Director ဒေါ်နွေးနွေးလှိုင်တို့က လှူဒါန်းရသည့် အကြောင်းရင်းအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ဓာတ်ခွဲခန်းစက်ကိရိယာများကို လှူဒါန်းမှုသည် ကိုဗစ်-၁၉ လူနာများအတွက်သာမက အခြားရောဂါဖြင့် ကုသမှုခံယူရသော လူနာများအတွက်လည်း ရေရှည်တွင် အကျိုးရှိစေမည်ဖြစ်ပါကြောင်း၊ ဤကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ် ဓာတ်ခွဲခန်းများ အဆင့်မြင့်လာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ရှာဖွေကုသမှုအတွက်လည်းကောင်း၊ ရောဂါဖြစ်ပွားသူနှင့်ထိတွေ့သူများတွင် ရောဂါကူးစက်မှု ရှိ၊ မရှိ စစ်ဆေးမှုများအတွက် လည်းကောင်း ပိုမိုလွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်မည်ဖြစ်ပြီး ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများအတွက် များစွာအကျိုးရှိစေမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ယခုအချိန်တွင် လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့အစည်းများနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများကို လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထိုသို့လှူဒါန်းမှုများတွင် မန္တလေးမြို့ပြ ဖွံ့ဖြိုးရေးရန်ပုံငွေရှာဖွေရေးကော်မတီမှ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)နှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) သို့ ငွေကျပ် (၈၀၉၂)သိန်းခန့် တန်ဖိုးရှိ ဓာတ်ခွဲခန်းစက်ကိရိယာ (၂)စုံ၊ ဝေအောင်ကမ္ဘာ ကျောက်မျက်ကုမ္ပဏီလီမိတက်မှ မော်လမြိုင်၊ တောင်ကြီးနှင့် လားရှိုးမြို့များရှိ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနများသို့ ငွေကျပ် (၉၂၄၂) သိန်းခန့် တန်ဖိုးရှိ ဓာတ်ခွဲခန်း စက်ကိရိယာ (၃) စုံတို့အား လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


