နေပြည်တော် ၁၅ ဒီဇင်ဘာ

Zeya and Associates Co., Ltd ၏ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

ရှေးဦးစွာ Zeya and Associates Co., Ltd ၏ ဥက္ကဋ္ဌ ဦးဇေယျသူရမွန်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ဆက်စပ်လုပ်ကိုင်နေသည့် Zeya and Associates Co., Ltd အနေဖြင့် လူမှုတာဝန်သိစိတ် (Corporate Social Responsibility (CSR)) ဖြင့် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် Injection Remdesivir များနှင့် Flat Pack Container Camp များ လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ မိမိတို့ ကုမ္ပဏီအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများတွင်လည်း ဆက်လက်ပါဝင် လှူဒါန်းသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး(၂)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ လှူဒါန်းမှုများသည် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် များစွာအကျိုးရှိမည် ဖြစ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့်လည်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လှူဒါန်းမှုများ ပြုလုပ်နေရုံသာမက ဆက်စပ်လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီနှင့် အဖွဲ့အစည်းများအား လှူဒါန်းမှုများပြုလုပ်ရန် တိုက်တွန်းနှိုးဆော် ပေးနေမှုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများအားလုံးသည် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို တာဝန်ကိုယ်စီ ဘက်ပေါင်းစုံမှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကွင်းဆက်ကို ဖြတ်တောက်နိုင်ရေးအတွက် အဓိကအရေးအကြီးဆုံးအချက်မှာ ပြည်သူများ၏ တာဝန်သိစွာဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းပင် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် Zeya and Associates Co., Ltd ၏ ဥက္ကဋ္ဌ ဦးဇေယျသူရမွန်က ငွေကျပ် (၇၂၃) သိန်းတန်ဖိုးရှိ Injection Remdesivir (100 mg) (၁,၀၀၂) ပုလင်း နှင့် Flat Pack Container Camp (၅) ခုတို့အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ ရှေ့မှောက်တွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၊ တွဲဖက်အတွင်းရေးမှူး (၁)၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အမြဲတမ်းအတွင်းဝန်က မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်သည်။

သတင်းစဉ်