နေပြည်တော် ၁၀ အောက်တိုဘာ
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၌ ကျင်းပသည်။
ရှေးဦးစွာ အလှူရှင်များကိုယ်စား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို နေ့စဉ်အချိန်နှင့်အမျှ ဆောင်ရွက်နေသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ယူအားပေးသည့်သဘောဖြင့် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများက စိတ်ဆန္ဒ အလျောက် တစ်ထောင့်တစ်နေရာမှ ပါဝင်လှူဒါန်းခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနမှ အလုပ်သမားဆေးရုံ (၃)ခုတွင် သံသယလက္ခဏာလူနာများအား လက်ခံကုသမှုပေးလျက်ရှိကြောင်း၊ လူမှုဖူလုံရေးဆေးခန်းများကလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် သက်ဆိုင်ရာကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်းနောက်တွင်လည်း ထိရောက်သော ကာကွယ်ဆေးထွက်ပေါ်လာသည့် အချိန်မတိုင်မီ ကာလအထိ ကူးစက်မှုလှိုင်းငယ်များရှိနိုင်သဖြင့် လူအများစုဝေး၍ နီးကပ်စွာအလုပ်လုပ်ကိုင်ရသည့် စက်ရုံနှင့် အလုပ်ရုံများ၌ လုပ်ငန်းကြီးကြပ်သူနှင့် အလုပ်သမားများသည် ရောဂါကာကွယ်ရေး စည်းကမ်းများကို ဆက်လက်၍ သတိပြုကာ အတိအကျ လိုက်နာဆောင်ရွက်ကြရန်မှာ အထူးအရေးကြီးပါကြောင်း၊ သို့ဖြစ်၍ မိမိတို့ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ အစိုးရအဖွဲ့များသည် ဤကိစ္စရပ်အား ရေရှည်ကိစ္စတစ်ရပ်အဖြစ်သတ်မှတ်ကာ ဆက်လက်၍ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ကူးစက်မှုများ ကမ္ဘာတစ်ဝန်း၌ ဖြစ်ပွားနေချိန်တွင် စက်ရုံ၊ အလုပ်ရုံများ လုပ်ငန်းပြန်လည် လည်ပတ်ရာတွင် အလုပ်သမားများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို စနစ်တကျ တပ်ဆင်ရန်နှင့် လူအများနှင့် ဆက်ဆံရသူများတွင် mask ကိုသာမက မျက်နှာအကာ (face shield) ကိုပါ တပ်ဆင်ရန်တို့ကိုသာမက ထမင်းစားသောက်ချိန်၌ လူအများစုဝေးကာ ရောဂါကူးစက်နိုင်သဖြင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန်မှာ အထူးအရေးကြီးပါကြောင်း၊ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများ လိုက်နာရန် ရောဂါကာကွယ်ရေး စည်းကမ်းများကိုလည်း ထပ်မံ၍ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ယနေ့လှူဒါန်းမှု အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အလုပ်သမားရေးရာဆိုင်ရာ ဝန်ထမ်းမိသားစုများ၏ လှူဒါန်းငွေကျပ် (၁၁၆)သိန်း၊ ဩစတြေးလျနိုင်ငံနေ ဒေါက်တာဇော်သူအောင်+ဒေါက်တာဆုမြင့်တင်၊ (သမီး) မရှင်းသန့်မြင့်သူနှင့် (သား) မောင်ခန့်ဘုန်းမြင့်သူ တို့၏ လှူဒါန်းငွေကျပ် ၁၀ သိန်း၊ ဦးညွန့်တင် (စာရေးဆရာ - ပြည်သာယာ)+ ဒေါ်နန်းရွှေမြင့် မိသားစု၏ လှူဒါန်းငွေကျပ် ၁၀ သိန်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံး(ကျန်းမာရေး) အရာထမ်းနှင့် အမှုထမ်းများ၏ လှူဒါန်းငွေကျပ် ၄ သိန်းတို့ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


