နေပြည်တော် ၃၀ မတ်
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ စေတနာရှင် ကုမ္ပဏီများ၊ အသင်းအဖွဲ့များ တစ်ဦးချင်းအလှူရှင်များက အလှူငွေနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်၍ လှူဒါန်းမှုများကို လက်ခံသည်။
ရှေးဦးစွာ အလှူရှင်များကိုယ်စား မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ ဦးနေဝင်းထွန်းက မိမိတို့အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ကျန်းမာရေးအတွက် လိုအပ်သည်များကို နိုင်ငံသားများ ပီသစွာဖြင့် ပါဝင်လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ယခုအခါ ချမ်းသာကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများတွင် COVID-19 ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများဖြစ်ပွားနေသည်ကို တွေ့ရှိနေရပါကြောင်း၊ ကမ္ဘာ့နိုင်ငံများ၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အစိုးရနှင့် ပုဂ္ဂလိက လက်တွဲညီညီဖြင့် ပူးပေါင်းဆောင်ရွက်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား "အရေးကြီးပြီ သွေးစည်းကြစို့" ဆောင်ပုဒ်နှင့်အညီ စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့်လည်း တတ်အားသရွေ့၊ အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ပါဝင်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ လှူဒါန်းမှုအပေါ် ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူများမှ လှူဒါန်းငွေများကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အကျိုးရှိထိရောက်စွာ အသုံးချဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများတွင် ပြည်သူများကိုယ်တိုင် မိမိကိုယ်ကို ရောဂါမကူးစက်စေရန်နှင့် မိမိမှတစ်ဆင့် အခြားသူများထံ ရောဂါမကူးစက်စေရန် နည်းလမ်းများကို လိုက်နာကျင့်သုံးခြင်းဖြင့် ထိရောက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦးတို့က လှူဒါန်းမှုများကို လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ်နှင့် ကျောက်မျက်ကုမ္ပဏီများက ငွေကျပ် (၄၁၀၀ ဒသမ ၅) သိန်းနှင့် (၁၄၂ ဒသမ ၆) သိန်းတန်ဖိုး ဆေးရုံသုံးပစ္စည်းများကိုလည်းကောင်း၊ TZTM Group of Companies and Mingalar Thiri Hotel မိသားစုက ငွေကျပ် သိန်း (၃၀၀) ကိုလည်းကောင်း၊ Mya Htike Company Limited မိသားစုက ငွေကျပ် (၁၆၄ ဒသမ ၈) သိန်းနှင့် ဆေးရုံသုံးပစ္စည်းများကို လည်းကောင်း၊ J- Mr. Yan Changzhi ZTE Co.Ltd က ငွေကျပ် (၁၁၂) သိန်းတန်ဖိုးရှိ test kit များကိုလည်းကောင်း၊ ရွှေပြည့်စုံသင်္ကန်း ပိတ်လိတ်ဖြန့်ချီရေးမိသားစုက ငွေကျပ် (၃၀ ဒသမ ၆) သိန်းကိုလည်းကောင်း ပေးအပ်လှူဒါန်းသည်။
ညနေပိုင်းတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် လှူဒါန်းငွေကျပ်သိန်း (၅၀၀) ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးပိုက်ထွေးနှင့် တာဝန်ရှိသူများက လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့သည်။
သတင်းစဉ်


