နေပြည်တော် ၂၉ မတ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (နေပြည်တော်)နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (ရန်ကုန်)တို့ Video Conferences စနစ်ဖြင့် ချိတ်ဆက်ပြီး Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန် ပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချနေမှုအား ထိန်းချုပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက Coronavirus Disease 2019 (COVID-19) နှင့်ပတ်သက်၍ နယ်စပ်ကုန်သွယ်မှုနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု ပုံမှန်စီးဆင်းမှုမရှိသည့်အပေါ် အခွင့်ကောင်းယူပြီး ပုဂ္ဂိုလ်အချို့က ဈေးနှုန်းမြှင့်တင် ရောင်းချမှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် COVID-19 စတင် ဖြစ်ပွားချိန်ကတည်းက ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများနှင့် ပတ်သက်သည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး ဈေးကွက်အတွင်း ဈေးနှုန်းတည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း။
အချို့အသင်းအဖွဲ့များက အသင်းအဖွဲ့အလိုက် လုပ်နိုင်သည်များကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့်အပြင် လှူနိုင်သည်များကိုလည်း လှူဒါန်းလျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကုန်သွယ်မှုနှင့် ရောင်းဝယ်မှု လုပ်ငန်းများ လွယ်ကူချောမွေ့စေရန် ကူညီထောက်ပံ့မှုများပေးပြီး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း။
ယခုအချိန်တွင် COVID-19 ကြောင့် ဈေးကွက်အတွင်း ဈေးနှုန်းမတည်ငြိမ်မှုများ ရှိလာပါကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် ပြည်သူများ၏ စားဝတ်နေရေးကို အဓိက ဖြည့်ဆည်းပေးနေသည့် ဈေးများနှင့် လက်လီရောင်းချသူများကို တွေ့ဆုံပြီး ၎င်းတို့၏ လိုအပ်ချက်နှင့် အခက်အခဲများကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
မိမိတို့နိုင်ငံသည် ဆန်၊ ငရုပ်၊ ကြက်သွန်၊ ပဲ စသည့် အခြေခံစားသောက်ကုန်များကို ကိုယ်တိုင်ထုတ်လုပ် ရောင်းချနေ သည့် နိုင်ငံဖြစ်သည့်အတွက် ပြည်တွင်းအတွက် ဖူလုံမှုရှိသည့်အပြင် ပြည်ပသို့ ပို့ဆောင်လျက်ရှိပါကြောင်း၊ ထို့ပြင် ဆီဖူလုံမှု ရှိစေရန်အတွက်လည်း ကြိုတင်ညှိနှိုင်း ဆောင်ရွက်ထားရှိပါကြောင်း၊ ဈေးကွက်အတွင်း ကုန်ပစ္စည်း ပြတ်လပ်မှုမရှိအောင် ဆောင်ရွက်ထားရှိသည့်အတွက် စိတ်ပူပင်ရန် မလိုအပ်ပါကြောင်း။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်၍ ဆောင်ရွက်လျက်ရှိပြီး COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားနိုင်ရေး လုပ်ငန်းကော်မတီကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက ဦးဆောင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများနှင့် ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း၊ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရေး လုပ်ငန်းကော်မတီ၏ လမ်းညွှန်ချက်အရ ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများကို ဖြေရှင်းနိုင်ရန် ရန်ကုန်မြို့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်၍ Help Desk ဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုအချိန်တွင် ဈေးကွက်အတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများအား ဈေးကစားမှုများကြောင့် ဈေးနှုန်းမတည်ငြိမ်မှုများ ဖြစ်ပေါ် လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် အပ်နှင်းထားသည့် ဥပဒေနှင့်အညီ ဈေးကစားသူ များအား အချိန်မီ လိုအပ်သည့် အရေးယူမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာကျန်းမာရေးအ ထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်ရေး၊ အရေးကြီးကုန်ပစ္စည်းအဖြစ် သတ်မှတ်နိုင်ရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် အသင်းအဖွဲ့ အလိုက် အကြံပြုဆွေးနွေးကြရန် ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုချောင်သီးနှံ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံလက်လီ ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းနှင့် ဘုရင့်နောင်ကုန်စည်ဒိုင်တို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်နေမှုအခြေအနေ၊ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည့် အခြေအနေ၊ အသင်းအလိုက်၊ အဖွဲ့အစည်းအလိုက် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ဈေးနှုန်း တည်ငြိမ်ရေးနှင့် အရေးကြီးကုန်ပစ္စည်းအဖြစ် သတ်မှတ်ရေး၊ အသင်းအဖွဲ့အလိုက် တွေ့ကြုံနေရသည့် အခက်အခဲ များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ အကောက်ခွန်ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ လေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ နှင့် ကျန်းမာရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ဈေးနှုန်းတည်ငြိမ်ရေးနှင့် အရေးကြီး ကုန်ပစ္စည်းအဖြစ် သတ်မှတ်ရေးတို့နှင့်စပ်လျဉ်း၍ ဌာနအလိုက်လုပ်ငန်းများ ချောမွေ့အောင် ပူးပေါင်းကူညီ ဆောင်ရွက် ပေးသွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


