နေပြည်တော်  ၅  အောက်တိုဘာ

 

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

 

ရှေးဦးစွာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၏ ဇနီး ဒေါ်လွင်လွင်မှန်က ယခုကဲ့သို့ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် အရင်းအမြစ်များစွာ အသုံးပြုဆောင်ရွက်ရသည်ဖြစ်ရာ မိမိအနေဖြင့် ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်ရှိ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၏ ဇနီးများမှ စုပေါင်းဖွဲ့စည်းထားသော Asia Pacific Women's association (APWA), Brussels အဖွဲ့၏ လှူဒါန်းငွေများကို လာရောက်လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ရှေ့တန်းမှ ကြိုးပမ်းထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်း များအား ကျေးဇူးတင်ရှိပြီး ကျန်းမာဘေးကင်းကြပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးအဖွဲ့ချုပ်နှင့် ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်မှ ကိုယ်စားလှယ်တစ်ဦးက မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးအဖွဲ့ချုပ်နှင့် ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်အနေဖြင့် ယခုကဲ့သို့ ဗဟိုကော်မတီသို့ လှူဒါန်းခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင်လည်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုများ ပြုလုပ်လျက်ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ လှူဒါန်းမှုများသည် ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်မှုများသည် ယခု ဒုတိယလှိုင်းနောက်တွင်လည်း ကူးစက်မှုလှိုင်းများရှိလာနိုင်ကြောင်း၊ ပြည်သူများအနေဖြင့် ရောဂါကာကွယ်ရေး ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များအား အလေးအနက်ထားကာ ဆက်လက်လိုက်နာ ဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ အတွက် ထိရောက်အစွမ်းထက်သော ကာကွယ်ဆေးများ ပေါ်ထွက်လာပြီး ပြည်သူများအစု ထိုးနှံပြီးမှသာ ကိုဗစ်-၁၉ ကူးစက်မှုလှိုင်းများ ထပ်မံမဖြစ်ပွားတော့မည် ဖြစ်ပါကြောင်း၊ ယခုလက်ရှိ အချိန်၌ ကိုဗစ်-၁၉ ကပ်ရောဂါကို အကောင်းဆုံး ကာကွယ်၊ ထိန်းချုပ်နိုင်သည့်နည်းလမ်းမှာ အတတ်နိုင်ဆုံး နေအိမ်တွင်သာနေထိုင်ခြင်းနှင့် မဖြစ်မနေအိမ်ပြင်ပသို့သွားရပါက ပါးစပ်နှင့် နှာခေါင်းစည်း (mask)ကို မဖြစ်မနေ တပ်ဆင်ခြင်း ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးရှိနေပြီး ရောဂါလက္ခဏာမရှိသူများထံမှ အခြားသူများထံသို့ ရောဂါကူးစက်ခံရနိုင်သဖြင့် ပြည်သူများ အထူးသဖြင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ စသည့် နာတာရှည်ရောဂါ ရှိသူများအနေဖြင့် နေအိမ်တွင်သာနေထိုင်ပြီး အခြားအတူနေသူများနှင့် ခပ်ခွာခွာနေထိုင်ခြင်းနှင့် သီးခြားအိပ်စက်ခြင်းတို့ ပြုလုပ်ကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ လှူဒါန်းပွဲသို့ တက်ရောက်လာကြသူများအနေဖြင့် အဆိုပါအချက်များအား စကားလက်ဆင့်ပွားခြင်းနှင့် ဝေမျှခြင်းများ ပြုလုပ်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ယနေ့ လှူဒါန်းမှု အခမ်းအနားတွင် Asia Pacific Women's association (APWA), Brussels က ယူရိုငွေ (၂,၃၅၇)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးအဖွဲ့ချုပ်နှင့် ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်က ငွေကျပ်သိန်း ၅၀၀ ၊ ဦးသစ်လွင်လေး+ ဒေါ်ခင်သက်ဦး၊ အေလာမြို့က ငွေကျပ်သိန်း  ၂၀ နှင့် CSA -2 (အထက်မြန်မာပြည်) ကျောင်းသား/သူများက ငွေကျပ် ၁၀ သိန်းတို့ကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်