နေပြည်တော် ၁၃  မေ 

 

Coronavirus Disease 2019 (COVID -19) ကူးစက်ရောဂါကြောင့် မြန်မာနိုင်ငံရှိ ယဉ်ကျေးမှု ကဏ္ဍများအပေါ် သက်ရောက်မှုများကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ Video  Conferencing စနစ်ဖြင့် ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံး လောကနတ်ခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဦးဆောင်၍ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဌာနခွဲတာဝန်ခံများ ပါဝင် ဆွေးနွေးကြသည်။ 

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ကိုဗစ် - ၁၉ ရောဂါကြောင့် အနုပညာရှင်များအနေဖြင့် အနုပညာလုပ်ငန်းများ ခေတ္တရပ်ဆိုင်းလိုက်ရသည့်အတွက် လူမှု၊ စီးပွားရေး အခက်အခဲများနှင့် ရင်ဆိုင်ရခြင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုများ ဖန်တီးနိုင်မှုနှင့် မျှဝေနိုင်မှု အခွင့်အလမ်းများ ရပ်ဆိုင်းသွားခြင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များနှင့် အနုပညာ သင်တန်းကျောင်းများ ခေတ္တပိတ်လိုက်ရသည့်အတွက် ဒြပ်မဲ့ယဉ်ကျေးမှု ပြန့်ပွားမှုများ လျော့နည်းခြင်း၊ အနုပညာဆိုင်ရာ နွေရာသီသင်တန်းများ ထိခိုက်မှုရှိခြင်း၊ ယဉ်ကျေးမှုဇုန်များ၊ ပြတိုက်များ ခေတ္တပိတ်လိုက်ရသည့်အတွက် နိုင်ငံတော်ဝင်ငွေ လျော့နည်းသွားခြင်းနှင့်  ပြည်ပ လေ့လာသူများနှင့် ပြည်တွင်းမှ ပြည်သူများ ရှေးဟောင်းဝတ္တုပစ္စည်းကို လေ့လာနိုင်သည့် အခွင့်အလမ်းများ ဆုံးရှုံးရခြင်း၊ ယဉ်ကျေးမှုဇုန်များအတွင်းရှိ ဒေသဆိုင်ရာ လုပ်ငန်းထွက်ကုန် ပစ္စည်းများနှင့် ခရီးသွားဆိုင်ရာ ဆက်စပ်လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း၊ အမျိုးသား စာကြည့်တိုက်များ ခေတ္တပိတ်လိုက်ရသည့်အတွက် စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများနှင့် ယဉ်ကျေးမှုဆိုင်ရာ စာပေများ စီးဆင်းမှု ရပ်ဆိုင်းသွားခဲ့ပါကြောင်း၊ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရာတွင် ဆောင်ရွက်လျက်ရှိသည့် ပြည်တွင်း/ပြည်ပ ပူးပေါင်းဆောင်ရွက်မှုများ ခေတ္တရပ်ဆိုင်းသွားခဲ့သည့်အပြင် ပြည်ပနိုင်ငံများသို့ ယဉ်ကျေးမှုကဏ္ဍဆိုင်ရာ ပညာသင် သွားရောက်မည့်သူများ၊ သင်တန်း/ အစည်းအဝေး တက်ရောက်မှုများ ရပ်ဆိုင်းသွားသဖြင့် Capacity Building လျော့နည်းသွားခြင်းစသည့် မြန်မာနိုင်ငံရှိ ယဉ်ကျေးမှုကဏ္ဍအပေါ် သက်ရောက်မှုများရှိခဲ့ပါကြောင်း။ 

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် နှစ်သက်တမ်း ၁၀၀ ကျော်၏ ယခင်ကာလများက တည်ရှိခဲ့သော ဗိသုကာလက်ရာ၊ အဆင့်အတန်းမြင့်မားသည့် ယဉ်ကျေးမှုနှင့် သမိုင်းတန်ဖိုး ကြီးမားသည့် ရှေးဟောင်း အဆောက်အအုံများကိုလည်း ဦးစားပေးအလိုက် ထိန်းသိမ်းပြုပြင်လျက် ရှိရာတွင် ကိုဗစ် - ၁၉ ရောဂါကြောင့် ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းရေးလုပ်ငန်းများလည်း အကန့်အသတ်ဖြင့် ဆောင်ရွက်ရမှုများ ရှိခဲ့ပါကြောင်း၊ ထို့အပြင် အမျိုးသားစာကြည့်တိုက်များ၊ အမျိုးသားပြတိုက် (၂) ခု အပါအဝင် ပြတိုက် (၃၂) ခုလုံး ကိုလည်း မတ်၂၅ ရက်မှစပြီး ပိတ်ထားခဲ့ရပါကြောင်း၊ ထိုကဲ့သို့ ပိတ်ထားခဲ့ရသော်လည်း အမျိုးသား စာကြည့်တိုက်များ၏ ပြည်သူသို့ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများ၊ ပြတိုက် ပစ္စည်းထိန်းသိမ်းရေးလုပ်ငန်း၊ မှတ်တမ်းတင်ခြင်း လုပ်ငန်း၊ ပြတိုက်အဆောက်အအုံ ပြုပြင်ခြင်းလုပ်ငန်း၊ ပြတိုက်ပစ္စည်းများ လဲလှယ်ခင်းကျင်းခြင်း လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေရမည်ဖြစ်ပါကြောင်း၊ ကိုဗစ် - ၁၉ အလွန်ကာလတွင် လုပ်ငန်းများ  ပုံမှန်လည်ပတ်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် ကြိုတင်စီစဉ်လျာထားပြီး ပြန်လည်ဖွင့်လှစ်ပါက ယခင်ကအတိုင်း ပြည်သူကို ဝန်ဆောင်မှုအပြည့်အဝ ပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် အထူးမှာကြားလိုကြောင်း။

 

ရပ်တန့်ထားရသည့် လုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် ယခုကတည်းက ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများကို ကြိုတင်စဉ်းစားပြီး ကြိုတင်ပြင်ဆင်သင့်သည်များကိုလည်း ပြင်ဆင်ထားရန် တိုက်တွန်းမှာကြား လိုပါကြောင်း၊ ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းအောင် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အင်အားလျော့ချပြီး အနည်းဆုံး ဝန်ထမ်းအင်အားဖြင့် ကျစ်ကျစ်လျစ်လျစ် ဆောင်ရွက်နေစဉ် ကာလတွင် ပြည်သူနှင့် ထိတွေ့ရသော ဝန်ဆောင်မှု လုပ်ငန်းများ၊ ရှေးဟောင်းဇုန်နယ်မြေ စီမံခန့်ခွဲရေးလုပ်ငန်းများ၊ သုတေသန လုပ်ငန်းများ၊ လေ့ကျင့်သင်တန်းပေးမှုများနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို အချိန်မီ ပြီးစီးအောင် ဆောင်ရွက်သွားကြရန်နှင့် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို  ရင်ဆိုင် ဖြေရှင်းရန် လိုအပ်ချက်များကို တင်ပြသွားကြရန် ပြောကြားသည်။

 

ထို့နောက် အစည်းအဝေးတွင် ပါဝင်ဆွေးနွေးကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ယဉ်ကျေးမှုဆိုင်ရာ ဌာနခွဲတာဝန်ခံများက  Coronavirus  Disease 2019 (COVID -19) ကူးစက်ရောဂါကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ယဉ်ကျေးမှု ကဏ္ဍများအပေါ်   သက်ရောက်မှုများအား   တုံ့ပြန်အကောင်အထည်ဖော် ဆောင်ရွက် နေမှုများကို ရှင်းလင်းဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီး ဦးကြည်မင်းက ဖြည့်စွက် ဆွေးနွေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က နိဂုံးချုပ် အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်