(၂၇-၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

 

120

 

၂။ ယနေ့ (၂၇-၂-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ပြန်ကြားချက်အရ သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိသော-

(က) မူဆယ်မြို့နယ်ဆေးရုံမှ အသက် (၂၃) နှစ်အရွယ် အမျိုးသား (၁) ဦးနှင့်

(ခ) ဝေဘာဂီအထူးကုဆေးရုံကြီးမှ အသက် (၃၂) နှစ်အရွယ် အမျိုးသား (၁) ဦး

စုစုပေါင်း (၂) ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။

၃။ ယနေ့ (၂၇-၂-၂၀၂၀) ရက်နေ့၊ ည (၈း၀၀) နာရီအချိန်အထိ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိသော လူနာများမရှိပါကြောင်းနှင့် (၂၇-၂-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့အပါအဝင် ကမ္ဘာ့နိုင်ငံ (၃၈) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။

(ပုံ = မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ဂုံတောကျေးရွာရှိ ကျေးရွာနေပြည်သူများကို ကျန်းမာရေးစကားဝိုင်းငယ်ဖြင့် COVID-19 ရောဂါကာကွယ်မှုနှင့် သံသယလက္ခဏာလူနာများတွေ့ရှိပါက ကျန်းမာရေးဌာနသို့ အကြောင်းကြားရန် ကျန်းမာရေးအသိပေးနှိုးဆော်နေမှု)