(၃-၃-၂၀၂၀) ရက်နေ့မှ (၉-၃-၂၀၂၀) ရက်နေ့အထိ
. ယခုအချိန်တွင် မိမိတို့နိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားသူမတွေ့ရှိရသေး ဆိုသည့်အချက်ကို ကြည့်၍ ကျေနပ်နေ၍ မရပါကြောင်း၊
. မိမိတို့နိုင်ငံတွင် COVID-19 ရောဂါ ရုတ်တရက်ဖြစ်ပွားပျံ့နှံ့လာနိုင်သည်ဟူသော ခံယူချက်ကို နောက်ခံထား၍ မိမိတို့ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
. အခြားနိုင်ငံများ၌ အချိန်တိုအတွင်းများပြားစွာဖြစ်ပွားနေသည်ကို တွေ့ရှိရသည့် အတွက် မိမိတို့အနေဖြင့် ဆောင်ရွက်နေသော ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကို အရှိန်လုံးဝမလျှော့ဘဲ အရှိန်အဟုန်ကို ပို၍ပင်တိုးမြှင့် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊
. COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည်မှာ (၅-၁-၂၀၂၀) မှ ယခုအချိန်အထိ (၂) လ ကျော် ကာလရှိပြီဖြစ်ပါကြောင်း၊
. အစဦးတွင် ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များသည် အရေးကြီးသော်လည်း (၂) လကြာပြီး ယခုအချိန်၌ ပြည်သူများ၏ သိရှိပါဝင်မှု အခန်းကဏ္ဍသည် ပိုမိုအရေးကြီး လာပြီဖြစ်ပါကြောင်း၊
. ပြည်သူများအနေဖြင့် မိမိကိုယ်တိုင်နှင့် မိသားစုအားလုံးရောဂါ ကူးစက်ခံရခြင်းမှ ကင်းဝေးစေရန် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ကျန်းမာရေးအသိပေးနှိုးဆော်ချက်များကိုလိုက်နာဆောင်ရွက်ခြင်း၊ သံသယလူနာများတွေ့ရှိပါက သတင်းပေးပို့ခြင်းတို့ဖြင့် ပါဝင်ဆောင်ရွက်သွားကြစေလို ပါကြောင်း၊
. COVID-19 ရောဂါဖြစ်ပွားမှုဖြစ်စဉ်များသည် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးကဏ္ဍကို စိန်ခေါ်နေသည့် ကိစ္စတစ်ရပ်ဖြစ်သဖြင့် မိမိတို့နှင့် ပြည်သူများ၊ နှီးနွှယ်ဝန်ကြီးဌာန၊ လူမှုရေးအဖွဲ့အစည်းများနှင့် တစ်ညီတစ်ညွတ်တည်းပူးပေါင်း၍ ကာကွယ်ထိန်းချုပ်ရမည် ဖြစ်ပါကြောင်း၊