မန္တလေး ၁၅ ဖေဖော်ဝါရီ
Coronavirus Disease (COVID-19) လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကာကွယ်ကုသရေးအတွက် မန္တလေးမြို့ပေါ်ဆေးရုံများအားလုံးတွင် ကြိုတင်ပြင်ဆင်ထားရှိမှု လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရေးညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်ဖြစ်ပွားမှုသည် အချိန်နှင့်အမျှပြောင်းလဲနိုင်သည့် အခြေအနေ ဖြစ်နေသောကြောင့် မိမိတို့အနေဖြင့် မန္တလေးမြို့ရှိ ဆေးရုံအုပ်ကြီးများနှင့် မန္တလေးဆေးရုံကြီးမှ ပါမောက္ခ/ ဌာနမှူးများနှင့် အထူးကုဆရာဝန်ကြီးများနှင့် ဝန်ထမ်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ မည်သည့်ပုံစံဖြင့် ပါဝင်ပံ့ပိုးဆောင်ရွက်ရမည်ကို အသိပေးရှင်းပြရခြင်း ဖြစ်ပါကြောင်း၊ မန္တလေးမြို့နှင့် အနီးအနားမြို့များ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများ များစွာနေထိုင်သွားလာလျက်ရှိသဖြင့် မိမိတို့အနေဖြင့် ဤရောဂါဖြစ်ပွားနိုင်မှု အခြေအနေများကို မျက်ခြေမပြတ် သုံးသပ်ရမည်ဖြစ်ပါကြောင်း။
ယခုအခါ၌ ဤရောဂါဖြစ်ပွားသူများ၏ သေဆုံးနှုန်းသည် (၂ ဒသမ ၈) ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ကို တွေ့ရှိရသည့်အပြင် ဤရောဂါ၏ ရောဂါဖြစ်ပွားသူတစ်ဦးထံမှ အခြားကူးစက်ခံရနိုင်ခြေရှိသူများထံ ကူးစက်မှုအခြေခံနှုန်းသည်လည်း မြင့်မားသည့်အတွက် မန္တလေးမြို့ နှင့်အနီးအနားမြို့များလည်းကောင်း၊ စက်ရုံ၊ အလုပ်ရုံများ၌လည်းကောင်း အထူးဂရုစိုက်၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို လုံးဝအရှိန်လျှော့၍မရဘဲ ဆက်လက်အားဖြည့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုအခါမန္တလေးတိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံကြီးများနှင့် ပုဂ္ဂလိကဆေးရုံများတွင် သံသယနှင့် စောင့်ကြည့်လူနာများကို စောင့်ကြပ်ကြည့်ရှုကုသမှုပေးနေပြီး အကယ်၍ ဓာတ်ခွဲအတည်ပြုလူနာများ၊ ရောဂါပြင်းထန်သည့်လူနာများ ရောက်ရှိပေါ်ပေါက်လာပါက အရည်အသွေးပြည့်ဝစွာ ကုသမှုပေးနိုင်ရေးအတွက် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဆေးပညာပါမောက္ခများ ဝိုင်းဝန်းရေးသားပြုစုထားသည့် ကုသရေးလမ်းညွှန်များအတိုင်း ကုသပေးရန် အဆင်သင့်စီစဉ် ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးသို့ တရားဝင်နှင့် တရားမဝင်ဝင်၊ ထွက်ပေါက်များမှ ဝင်ရောက်လာသောသူများသည် ရောဂါပျိုးချိန် (incubation period) ကာလအတွင်း ရောဂါလက္ခဏာများမပြ သသေးဘဲ ပကတိကျန်းမာစွာ နေထိုင်နေသော်လည်း အချိန်မရွေးရောဂါလက္ခဏာများ ပေါ်ပေါက်လာနိုင်သည့်အချက်ကို သတိပြုကြရမည်ဖြစ်ပါကြောင်း။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိမိတို့ဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် ဤရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပြည်သူ့ကျန်းမာရေးဆိုင်ရာရှုထောင့်၊ ကုသရေးဆိုင်ရာရှုထောင့်၊ လူမှုရေးရှုထောင့်၊ စီးပွားရေးရှုထောင့်၊ ကုန်သွယ်ရေးရှုထောင့် စသည်ဖြင့် ရှုထောင့်ပေါင်းစုံကို ထည့်သွင်းစဉ်းစားပြီး ဆုံးဖြတ်ချက်ချဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လေကြောင်းခရီးဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း သို့ဝင်ရောက်လာသူများ၏ ရာခိုင်နှုန်းအများစုသည် ၎င်းတို့ ယခင်ကတည်းက ငှားရမ်းထားပြီးဖြစ်သော နေအိမ်များသို့ သွားရောက်နေထိုင်သည်ကို တွေ့ရှိရသည့် အချက်သည် ပြည်သူ့ကျန်းမာရေးရှုထောင့်မှ အထူးအရေးကြီး၍ အဓိကကျသော အချက်တစ်ခုဖြစ်သည်ကို သိရှိစေလိုပါကြောင်း၊ ၎င်းတို့ အများစု တည်းခိုနေထိုင်လျက်ရှိသည့် နေရာများအား မြေပုံစာရင်းပြုစု၍ ၎င်းတို့ နေထိုင်ရာ ရပ်ကွက်များ၌ ရောဂါဖြစ်ပွားမှုအား စောစီးစွာ သိရှိကုသမှု ဆောင်ရွက်နိုင်ရန် ကျန်းမာရေးပညာပေးခြင်းနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အထူးအရှိန်အဟုန်မြှင့်ကာ ဆောင်ရွက်ရာတွင် တရုတ်ဘာသာစကားဖြင့် ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း။
အလားတူ နယ်စပ်ဝင်၊ ထွက်ပေါက်များတွင်လည်း တရုတ်ဘာသာဖြင့် ကျန်းမာရေး အသိပညာအချက်အလက်များ ဖြန့်ဝေခြင်းကို အားဖြည့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စောစီးစွာ လူနာရှာဖွေဖော်ထုတ်ခြင်း ဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီးရှိ ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အလွန်အရေးကြီးသဖြင့် ပြည်သူများအား COVID-19 ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးအသိပညာပေးခြင်းကို အထူးအလေး ပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ကျန်းမာရေး အသိပညာပေးရာတွင် လူအများနားလည်လွယ်မည့် သတင်းအချက်အလက်များ ဖြစ်ရန်လိုအပ်သည့်အပြင် အရေးကြီးသည့် ကျန်းမာရေး အသိပညာပေး သတင်းအချက်အလက်များကိုသာ ကျစ်ကျစ်လစ်လစ် သိပ်သိပ်သည်းသည်း အသိပေးခြင်းဖြင့် မိမိတို့၏ ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ ပိုမိုထိရောက်စေမည် ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း၌ စောင့်ကြည့်လူနာနှင့် သံသယလူနာများအား သီးခြားထားရှိကုသမှုပေးရာတွင် လူနာများအား ဆေးကုသမှုပေးခြင်း၊ ရောဂါပိုးထိန်းချုပ်ခြင်းတို့ကို ဆောင်ရွက်ရုံသာမက လူနာများနှင့် အနီးကပ်ထိတွေ့သူများအား ရှာဖွေရန်ခြင်းနှင့် ၎င်းတို့အား နေအိမ် (သို့မဟုတ်) ဆေးရုံတွင် ရောဂါဖြစ်ပွားမှု ရှိ၊ မရှိ အခြေအနေကို စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများသည် ရောဂါထိန်းချုပ်ရေးအတွက် ဆောင်ရွက်ရမည့် အရေးပါသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများဖြစ်ကြောင်း။
ထိုသို့ရောဂါဖြစ်ပွားမှု ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုခြင်းခံရသူတွင် အကယ်၍ 2019-nCoV လတ်တလော အသက်ရှူလမ်းကြောင်းရောဂါ လက္ခဏာများ ပေါ်ပေါက်လာပါက ချက်ချင်းကုသမှုပေးနိုင်သည့်အတွက် ရောဂါပြင်းထန် သေဆုံးနိုင်ခြေနည်းပါးသည့်အပြင် ၎င်းမှတစ်ဆင့် အတူနေထိုင်သော မိသားစုများနှင့် မိတ်ဆွေများထံသို့ ကူးစက်မှုမဖြစ်ပွားနိုင်တော့သဖြင့် အသွားအလာကန့်သတ်ပိတ်ပင်၍ ရောဂါဖြစ်ပွားမှု အခြေအနေကို စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများသည် အားလုံးအတွက် အကျိုးရှိသည့် ကိစ္စရပ်ဖြစ်သည်ကို ပြည်သူများ သိရှိနားလည်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ယခုကဲ့သို့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မျိုးဆက်သစ်ဆရာဝန်နှင့် ပညာရှင်များအတွက် အတွေ့အကြုံနှင့် သင်ခန်းစာများစွာရရှိနိုင်ပြီး နောင်ဖြစ်ပေါ်လာမည့် အခြားကပ်ရောဂါ ဖြစ်ပွားမှုနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာများအား ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌ များစွာအထောက်အကူပြုနိုင်ပါကြောင်း၊ မန္တလေးပြည်သူ့ဆေးရုံကြီး၌ ယခုဖြစ်ပွားသော COVID-19 ရောဂါနှင့် အခြားကပ်အသွင်ဖြစ်ပွားနိုင်သော ရောဂါများအတွက် စားပွဲဝိုင်းလေ့ကျင့်ခန်းများကို မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကပ်ရောဂါဗေဒပညာရှင်များ၏ အကူအညီဖြင့် အမြန်ဆုံးဆောင်ရွက် စေလိုပါကြောင်း။
မန္တလေးတိုင်းဒေသကြီးအတွင်း၌ ဆောင်ရွက်လျက်ရှိသည့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ထားရှိပြီး ထိုမှတ်တမ်းများအား ဆန်းစစ်သုံးသပ်၍ နောက်ဖြစ်ပေါ်လာမည့် ကပ်အသွင်ဖြစ်ပွားမှုများအတွက် ကြိုတင်ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင်စောင့်ကြည့်လူနာနှင့် သံသယလူနာများအား သီးခြားခွဲခြားစောင့်ကြပ် ကြည့်ရှုကုသမှုပေးခြင်းနှင့် ရောဂါထိန်းချုပ်ခြင်း လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား အလွယ်တကူ သိရှိစစ်ဆေးနိုင်ရန် ပုံစံတစ်ခုပြုစု၍ စိစစ်သုံး သပ်ခြင်း (Quick review of preparedness on hospitals) ကို ဆောင်ရွက်စေလိုပါကြောင်း၊ ကူးစက်ရောဂါ ကပ်အသွင်ဖြစ်ပွားချိန်များတွင် ကန်တော်နဒီဆေးရုံအား လူနာများ သီးခြားထားရှိကုသခြင်းနှင့် အနီးကပ် ထိတွေ့သူများအာ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကူးစက်ရောဂါကုသသည့် သတ်မှတ်ဆေးရုံအဖြစ် သတ်မှတ်ပြီး ကြိုတင်ပြင်ဆင်ထားရှိသွားရန် လိုအပ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း၌လည်း မဟုတ်မမှန် သတင်းများ၊ ကောလဟလများအား ပြည်သူ့ထံသို့ ချက်ချင်းရှင်းလင်းနိုင်ရန် အစီအမံများ စီစဉ်ဆောင်ရွက်ထားရှိစေလိုပါကြောင်း။
ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ပါဝင်ဆောင်ရွက်နေသူ အားလုံးသိရှိစေရန် သတင်းအချက်အလက်များ မျှဝေရန်လုပ်ငန်းများ၊ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား ပြန်လည်စိစစ်သုံးသပ်ခြင်း ဆောင်ရွက်ပြီး လိုအပ်သည်များ အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
မန္တလေးပြည်သူ့ဆေးရုံကြီး၌ တစ်ကိုယ်ရေရောဂါ ကာကွယ်ရေးဝတ်စုံများ အလျင်အမြန် ထပ်မံရရှိရေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဆောင်ရွက်ပြီးဖြစ်သဖြင့် ရရှိပါက ချက်ချင်းထပ်မံ၍ ပေးပို့မည်ဖြစ်ပါကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် COVID-19 ရောဂါစတင်ကူးစက် ဖြစ်ပွားမှုနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၃၀ ရက်တွင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာခဲ့မှုနှင့် ပတ်သက်သည့် အချက်အလက်များ၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုပါ ကြေငြာချက်အတိုင်မီ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၅ ရက်မှစတင်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား စတင်ဆောင်ရွက်ခဲ့မှု အခြေအနေ၊ ပြောင်းလဲလာသည့် ရောဂါကူးစက်ဖြစ်ပွားမှု ပေါ်မူတည်၍ ကျန်းမာရေးအသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပြည်သူလူထုအား အချိန်နှင့်တပြေးညီ မှန်ကန်သော သတင်းများပြန်ကြားပေးမည့် အစီအစဉ်များ၊ မဟုတ်မမှန်သတင်းများသည် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်ခြင်း (Fear)၊ စတင်ခံစားရပြီး ၎င်းမှသည် အမျက်ဒေါသထွက်ခြင်းနှင့် အမုန်းတရားကို ဖြစ်ပေါ်စေသဖြင့် မဟုတ်မမှန်သတင်းများသည် အမုန်းစကား ဖြစ်စေနိုင်သည့်အတွက် မဟုတ်မမှန် သတင်းများ၊ ကောလဟလများနှင့် ပတ်သက်၍ ပြည်သူများထံသို့ ချက်ချင်းရှင်းလင်းတင်ပြနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ပါဝင်ဆောင်ရွက်နေသူ အားလုံးသိရှိစေရန် သတင်းအချက်အလက်များ မျှဝေရန်လုပ်ငန်းများ၊ စောင့်ကြည့်လူနာ၊ သံသယလူနာများ တွေ့ရှိမှု များပြားလာပါက ဆေးရုံများတွင် ရောဂါကာကွယ်ရေး ဝတ်စုံများ(Personal Protective Equipment- PPE)များ ပိုမိုလိုအပ်လာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ရန် လိုအပ်မည့် အခြေအနေ၊ ရောဂါစောင့်ကြပ် ကြည့်ရှု၍ သတင်းပေးပို့ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုများ၊ လက်ရှိဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာများ၏ ကျန်းမာရေးသက်သာ ကောင်းမွန်လျက်ရှိသည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) မန္တလေးတိုင်း ဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး)၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှ ဆေးရုံအုပ်ကြီးများ၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ညွှန်ကြားရေးမှူး (ကျန်းမာရေးအသိ ပညာမြှင့်တင်ရေး)နှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealth စသည့်ကဏ္ဍ အသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့သည်။
သတင်းစဉ်