ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန
ကြေညာချက်အမှတ် (၁/၂၀၂၀)
၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက်
(၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၈ ရက်)
၁။ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၈ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပခဲ့သည် Coronavirus Diseases 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၀)၏ ဆုံးဖြတ်ချက်အရ Coronavirus Diseases 2019 (coVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရန်အတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ အောက်ပါတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါသည် -
(က) COVID-19 ကြောင့် လတ်တလော စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် လုပ်ငန်းကဏ္ဍများအဖြစ် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများကို ဦးစားပေး ကုစားရမည့် ကဏ္ဍအဖြစ် သတ်မှတ်သွားမည် ဖြစ်ပါသည်။
(ခ) ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော် လှည့်ပတ်ရန်ပုံငွေ (Revolving Fund)မှ ကျပ် ၅၀ ဘီလီယံနှင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် ၅၀ ဘီလီယံ၊ စုစုပေါင်း ကျပ် ၁၀၀ ဘီလီယံကို ကနဦး မတည်ငွေအဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် COVID-19 Fund ထူထောင်သွားမည် ဖြစ်ပါသည်။
(ဂ) အဆိုပါ ရန်ပုံငွေဖြင့် covID-19 ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံး ခံစားရသည့် မြန်မာနိုင်ငံသားပိုင် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ ၁ နှစ် သတ်မှတ်၍ ထုတ်ချေးသွားမည်ဖြစ်ပြီး စီးပွားရေးထိခိုက်မှုအပေါ် မူတည်၍ အတိုးနှုန်းနှင့် ချေးငွေကာလကို လိုအပ်သလို ပြန်လည်သုံးသပ်သွားမည် ဖြစ်ပါသည်။
၂။ CMP လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း သုံးလတစ်ကြိမ် ပေးဆောင်ရ မည့် ဝင်ငွေခွန်နှင့် လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်တို့နှင့် ပတ်သက်၍ -
(က) ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ၂၀၂၀ ပြည့်နှစ် ၊ မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးမည့် ဒုတိယ သုံးလပတ်အတွက် လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် ကုန်ဆုံးမည့် တတိယသုံးလပတ်အတွက်လည်းကောင်း သုံးလတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်များကို စက်တင်ဘာလ (၃၀) ရက်နေ့အထိ ပေးဆောင်နိုင်ပါသည်။
(ခ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးမည့် လ အတွက်မှ စတင်၍ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးမည့် လ အတွက်အထိ လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်များကို စက်တင်ဘာလ (၃၀) ရက်နေ့အထိ ပေးဆောင်နိုင်ပါသည်။
၃။ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပို့ကုန်လုပ်ငန်းများမှ ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် ၂ % ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်အထိ ကင်းလွတ်ခွင့်ပေးပါမည်။


