ညောင်ဦး ၅ ဧပြီ

           

‌ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ COVID-19 အသိပညာပေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အတိုင်း အသိပေးပန်ကြားချက်များအား ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာသို့ အသံချဲ့စက်များအသုံးပြု၍ ကြေညာခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို ယနေ့ နံနက် ၈ နာရီခွဲမှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

COVID-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး နည်းလမ်းတွေကို ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင်၊ ပြည်သူတွေ သိနားလည်ပြီး ပူးပေါင်းပါဝင်လာအောင်၊ ကျန်းမာရေးဌာနကို ကူညီထောက်ပံ့နိုင်အောင်၊ ဥပဒေကို လိုက်နာအောင် စသည့်ရည်ရွယ်ချက်များဖြင့် ယခုလို အသံချဲ့စက်များဖြင့် ကြေညာပေးခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ရပါကြောင်း ညောင်ဦးခရိုင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စမ်းမြလွင်နှင့် ညောင်ဦးခရိုင် ပြန်/ဆက်ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်တင်မာမျိုးထံက သိရသည်။

 

အဆိုပါ COVID-19 ရောဂါ ကာကွယ်ရေးအတွက် ပြည်သူလူထုအနေဖြင့် လက်ကိုမကြာခဏ ဆေးကြောခြင်း၊ လူစုလူဝေးရှိသည့် နေရာများအား ရှောင်ကျဉ်ခြင်း၊ နာချေချောင်းဆိုးပါက လိုက်နာရမည့် အချက်များ၊ ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျ အသုံးပြုရန်တို့ကို အသံချဲ့စက်ဖြင့် ဆော်ဩခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကျော်မင်းဦး(ရေနံချောင်း)၊ မောင်မောင်ထိန် (ကျောက်ပန်းတောင်း)