ရန်ကုန် ၁၂ မတ်
တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ COVID-19 လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ ပဒေသာဈေးတာဝန်ခံရုံး၌ ပြုလုပ်ခဲ့သည်။

အသိပညာပေး ဟောပြောရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနွေးအိအိလှိုင်က COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်သည့် ကူးစက်နိုင်ခြေ ရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ်လက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများအပြင် လက်ကို သန့်ရှင်းစင်ကြယ်စွာ ဆေးကြောနည်းများ၊ Mask တပ်ဆင်အသုံးပြုနည်းများကို ဈေးသူဈေးသား များအား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဈေးသူဈေးသား (၂၅)ဦး တက်ရောက်ခဲ့ပြီး သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဈေးအတွင်းရှိ ဈေးသူဈေးသား များနှင့် ဈေးဝယ်သူများအား COVID-19နှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး လူအများမြင်သာသည့် နေရာများတွင် ပိုစတာများကပ်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေထက်အောင်