မန္တလေး ၁၅ မတ်
COVID-19 ဗိုင်းရပ်စ်ရောဂါအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာ့ကပ်ရောဂါ(Pandemic) အဖြစ် သတ်မှတ် ကြေငြာခဲ့သည့်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း လူမှု/စီးပွားကဏ္ဍများတွင် မလိုလားလပ်သော ရိုက်ခတ်မှုများကြိုတင်ထိန်းချုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ယနေ့ ညနေ ၃ နာရီ က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင် က အဖွင့်အမှာစကားပြောကြားပြီး COVID-19 စောင့်ကြည့်စစ်ဆေးကုသရေး တိုင်းဒေသကြီးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် နှင့် အတွင်းရေးမှူး ဒေါက်တာသန်းသန်းမြင့် တို့က COVID-19 ဗိုင်းရပ်စ်ရောဂါအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာ့ကပ်ရောဂါ(Pandemic) အဖြစ်သတ်မှတ်ကြေငြာခဲ့သည့်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း လူမှု/စီးပွားကဏ္ဍများတွင် မလိုလားလပ်သော ရိုက်ခတ်မှုများကြိုတင် ထိန်းချုပ်နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီးအတွင်း လူမှု/စီးပွားကဏ္ဍများတွင် မလိုလားလပ်သော ရိုက်ခတ်မှုများ ကြိုတင်ထိန်းချုပ်နိုင်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ဝိုင်းဝန်းဆွေးနွေးကြသည်။ ၎င်းနောက် မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ်ဦးဇာနည်အောင် က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးခေတ္တဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)