မန္တလေး ၂၄ မတ်
COVID-19 ဗိုင်းရပ်ရောဂါ ကာကွယ်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ခေါက်ဆွဲဆိုင်များအပါအဝင် ဈေးဆိုင်များအား ရောင်းချသည့်ပုံစံပြောင်းလဲ၍ ပါဆယ်စနစ်ဖြင့် ရောင်းချရန် ညွှန်ကြားထားကြောင်း မတ် ၂၄ ရက် မွန်းလွဲ ၂ နာရီက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်သော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တိုင်းဒေသကြီးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင် ပြောကြားသည်။
“COVID-19 ဗိုင်းရပ်ရောဂါ ကာကွယ်ရေးအတွက် စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေကို ရောင်းချတဲ့ ပုံစံပြောင်းခိုင်းတာပါ၊ လူစုလူဝေးမဖြစ်အောင် ခုံခင်းပြီး ဆိုင်ထိုင်စားရတဲ့ ဆိုင်တွေကို ပါဆယ်စနစ်ဖြင့် ပြောင်းလဲရောင်းခိုင်းတာပါ၊ ရောင်းချတာကတော့ ပုံမှန်အတိုင်းရောင်းချပါ၊ ပါဆယ်စနစ်နဲ့ရောင်းချဖို့ ညွှန်ကြားတာပါ။ ညပိုင်းထိဖွင့်တဲ့ ဆိုင်ရှိရင်လည်း ပုံမှန်အတိုင်း ရောင်းချပါ”ဟု ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောကြားသည်။
“ရောင်းချရမယ့်ကာလကတော့ ဒီနေ့ကနေ ဧပြီလ ၃၀ ရက် အထိပါ၊ COVID-19 ထိန်းချုပ်ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်အောင် ကာကွယ်တာပါ။ အချင်းချင်းကူးစက်ပြီးဆိုရင် ထိန်းချုပ်ဖို့ ခက်ခဲသွားမယ်၊ ဒါကြောင့် မလိုအပ်ဘဲ လူစုလူဝေး မလုပ်ပါနဲ့လို့ ပြောရာကနေ၊ လူစုလူဝေး(လုံးဝ) မလုပ်ပါနဲ့လို့ ပြောရမယ့်အချိန်ပါ။ လက်ရှိ တက္ကသိုလ်ကောလိပ် အသီးသီးမှာ ဖြေဆိုဆဲ စာမေးပွဲများနဲ့ သံဃာတော်များ ဖြေဆိုနေတဲ့စာမေးပွဲတွေကို ရပ်ဆိုင်းထားဖို့ ညွှန်ကြားထားပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
သန်းဇော်မင်း(ပြန်/ဆက်)


