၂၂ မတ်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နှင့် AYA Bank တို့သည် ပြည်ပမှ ပြန်လည်ရောက်ရှိလာမည့် Covid 19 စောင့်ကြည့်ခံရသူများအား ထားရှိရန် ဝေဇယန္တာလမ်းမပေါ်ရှိ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)နှင့် တာမွေမြို့နယ်ရှိ AYA Bank သင်တန်းကျောင်း အဆောက်အဦများ ပံ့ပိုးကူညီပေးသွားမည်ဖြစ်သည်။
ယင်းအဆောက်အဦများတွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာမည့် Covid 19 စောင့်ကြည့်ခံရသူများအား ထားရှိရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဧရာဝတီ ဖောင်ဒေးရှင်း တာဝန်ရှိသူများက ဆွေးနွေးခဲ့ပြီး မတ် ၂၂ ရက် နံနက်ပိုင်းမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများသည် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) နှင့် AYA Bank သင်တန်းကျောင်း အဆောက်အဦများနေရာများအား သွားရောက်စစ်ဆေးကြည့်ရှု၍ စောင့်ကြည့်ခံမည့်သူများ နေထိုင်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ခဲ့သည်။
Covid-19 စောင့်ကြည့်ခံရမည့်သူများအတွက် AYA Bank သင်တန်းကျောင်းတွင် ဦးရေ ၁၅၀ ကျော်နှင့် MFF အမျိုးသားဘောလုံးအကယ်ဒမီတွင် ဦးရေ ၅၀ ကျော် ထားရှိနိုင်မည်ဖြစ်သည်။
အဆိုပါ စောင့်ကြည့်ခံရမည့်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ယူသွားမည်ဖြစ်ပြီး တည်းခိုစားသောက်ရေးနှင့် လုံခြုံမှုရှိရေးအတွက် ဧရာဝတီ ဖောင်ဒေးရှင်းက ပါဝင်ကူညီဆောင်ရွက်သွားမည်ဖြစ်သည်။
ဧရာဝတီဖောင်ဒေးရှင်းသည် မတ် ၁၈ ရက်ကလည်း ဝေဘာဂီဆေးရုံကြီးနှင့် ရန်ကင်းကလေးဆေးရုံကြီးတို့တွင် Covid 19 ကုသကာကွယ်ရေးလုပ်ငန်းများအတွက် ကျပ်သိန်းပေါင်း ၁၀ဝ၀ အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့သည်။
သတင်း-ဖိုးသော်ဇင်


