နေပြည်တော် ၉ ဇွန်

 

COVID-19 ဆိုင်ရာ ခရီးသွားလုပ်ငန်း ကုစားမှုအစီအစဉ် အကောင်အထည်ဖော်ရေး ချပြလမ်းညွှန်မှု အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က COVID-19 ကပ်ရောဂါကူးစက်မှုကို ကာကွယ်ရန် လေကြောင်းလိုင်းများ ရပ်နားထားခြင်း၊ ပြည်ဝင်ခွင့်များရပ်နားထားခြင်း၊ မဖြစ်မနေ နိုင်ငံကူး ခရီးသွားရမည့်သူများကို quarantine ၁၄ ရက် ၂၁ ရက်များ ထားရှိခြင်းများကြောင့် ကမ္ဘာတစ်ဝှမ်းတွင် ခရီးသွားလုပ်ငန်းများ လုံးဝနီးပါး ရပ်တန့်သွားသည့် အနေအထားကို ရောက်ရှိခဲ့ပါကြောင်း။

 

မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါကူးစက်မှုကို ကာကွယ်ရန် ပြည်ဝင်ခွင့်ဗီဇာ ယာယီပိတ်ထားခြင်း၊ လေကြောင်းလိုင်းများ ခေတ္တရပ်နားထားရခြင်းတို့ကြောင့် ပြည်ပခရီးသွား ဝင်ရောက်မှု ရပ်တန့်သွားခဲ့ပါကြောင်း၊ ဧပြီလ၌ Stay Home ကာလ စတင်လိုက်သည့် အချိန်တွင် ပြည်တွင်းခရီးသွားလုပ်ငန်းပါ ရပ်တန့်သွားပြီး ဟိုတယ်၊ တည်းခိုခန်းများ၊ ခရီးသွားကုမ္ပဏီများ၊ စားသောက်ဆိုင်များ ပိတ်သိမ်းထားရခြင်းကြောင့် အလုပ်လက်မဲ့များစွာ ဖြစ်ပေါ်ကာ စီးပွားရေး၊ လူမှုရေး ကဏ္ဍစုံကို သိသာစွာ သက်ရောက်မှုဖြစ်ခဲ့ရပါကြောင်း။

 

မြန်မာနိုင်ငံသို့ ၂၀၁၉ ခုနှစ်တွင် ခရီးသည် ၄ ဒသမ ၃၆ သန်းဝင်ရောက်ပြီး၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ တစ်လအတွင်း ခရီးသွား (၄)သိန်း ဝင်ရောက်ခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ခရီးသည် အယောက် (၁၀ဝ) မပြည့်သည်အထိ ကျဆင်းသွားခဲ့သော ထိခိုက်မှုကို ကျော်လွှားပြီး မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရန်အတွက် နိုင်ငံတော်အဆင့်ရေးဆွဲ အတည်ပြုထားသည့် CERP (COVID-19 Economic Relief Plan) ၏ နောက်ဆက်တွဲအနေဖြင့် ကမ္ဘာ့ခရီးသွားအဖွဲ့ချုပ်ဖြစ်သည့် UNWTO နှင့် အာရှ-ပစိဖိတ်ခရီးသွား အဖွဲ့ချုပ်ဖြစ်သည့် PATA တို့၏ Tourism Crisis Management  Guidelines များကို အခြေခံကာ ခရီးသွား အသင်းအဖွဲ့များ၏ အကြံပြုချက်များနှင့် ပေါင်းစပ်ပြီး ဝန်ကြီးဌာနမှ အဓိက မဟာဗျူဟာ (၃) ရပ်ပါဝင်သည့် COVID-19 Tourism Relief Plan ကို ရေးဆွဲခဲ့ပြီး ဖြစ်ပါကြောင်း။

 

ယင်း Tourism Relief Plan ကို ဝန်ကြီးဌာန၏ COVID 19 Myanmar Tourism Strategic Roadmap အဖြစ် အသုံးပြု အကောင်အထည်ဖော်သွားမည် ဖြစ်ပါကြောင်း‌။ ယင်းမဟာဗျူဟာ (၃)ရပ်မှာ Survival ဆက်လက်ရပ်တည်နိုင်ရေး၊ Reopening ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် Relaunching ပြန်လည်မိတ်ဆက်ခြင်းတို့ ဖြစ်ပါကြောင်း၊ ယင်း မဟာဗျူဟာ(၃)ရပ်၏ အဆင့်(၁)ဆင့်ချင်းစီတွင် လုပ်ငန်းစဉ်(၄)ခု ပါရှိမည်ဖြစ်ပါကြောင်း။

 

Survival အဆင့်တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ငန်းများအတွက် အခွန်ဖြေလျော့ခြင်း၊ လိုင်စင်ကြေးလျော့ပေါ့ခြင်းနှင့် ငှားရမ်းခများ ရွှေ့ဆိုင်းပေးခြင်း၊ ချေးငွေများထုတ်ချေးပေးခြင်း ကဲ့သို့သော အစီအစဉ်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရှင်များနှင့် ခရီးသွားလုပ်ငန်း ဝန်ထမ်းများအပေါ် သက်ရောက်မှုဖြေလျော့ခြင်းဆိုင်ရာ Online Training  Program များပို့ချခြင်းနှင့် Training ကာလအတွင်း ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များ၊  ခရီးစဉ်ဒေသများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဈေးကွက်အခြေအနေကို စစ်ဆေးအကဲဖြတ်ခြင်း စသည့် ကဏ္ဍများပါဝင်ပြီး ယင်းလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအနေဖြင့် ဧပြီ၊ မေ နှင့် ဇွန်လများတွင်  ဆောင်ရွက်ခဲ့သကဲ့သို့ ဆက်လက်ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း။

 

ဇွန်၊ ဇူလိုင်နှင့် သြဂုတ်တွင် ဆောင်ရွက်ရန် ရည်ရွယ်သည့် Reopening အဆင့်တွင် ခရီးသွားများနှင့်ဝန်ထမ်းများ၏ ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် Standard Operating Procedure (SOP) များ ရှာဖွေဖော်ထုတ်ရေး လုပ်ငန်းစဉ်များ၊ ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းနယ်ပယ်အတွင်း အခြေခံအကျဆုံး ပါဝင်လုပ်ကိုင် ဆောင်ရွက်နေကြသည့် အနှေးယာဉ်လုပ်သားများ၊ ဈေးရောင်းသူများအတွက် ဌာနမှ နေ့တွက်ထောက်ပံ့ပေးသည့် သင်တန်းအစီအစဉ်များ၊ ပုံမှန်အခြေ အနေသစ် (New Normal)တွင် ဆောင်ရွက်ရမည့် ဈေးကွက်မြှင့်တင်ရေး လုပ်ငန်းစဉ်များ၊  E-commerce Platform နှင့် Digital Platform နှင့် ပြည်တွင်း Digital ငွေပေးချေမှုစနစ်အား အားပေးမြှင့်တင် ဆောင်ရွက်ရေးကိစ္စများ ပါဝင်ပါကြောင်း။

 

သြဂုတ်လတွင် စတင်မည့် နောက်ဆုံးအဆင့် Relaunching အနေဖြင့် နိုင်ငံတကာ ခရီးသွားဧည့်သည်များကို ပြန်လည်ဆွဲဆောင်နိုင်စေရေးအတွက် Communication & Marketing Campaign များအား မိတ်ဆက်ခြင်းအစီအစဉ်များ၊ Travel Facilitation ခရီးသွားလာမှု လွယ်ကူချောမွေ့ရေးဆိုင်ရာ ပြည်ဝင်ခွင့်ဗီဇာနှင့် ကန့်သတ်နယ်မြေများ ဖြေလျော့မှုကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှုအတွက် မက်လုံးပေး ဆွဲဆောင်သောအစီအစဉ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ထောက်ပံ့ကြေးနှင့် ချေးငွေများရယူခြင်း၊ ရန်ပုံငွေတစ်ရပ် ထူထောင်ခြင်း စသည့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ရေရှည်စီမံကိန်းချမှတ် ဆောင်ရွက်ခြင်းများ ပါဝင်ပါကြောင်း။

 

ယခု ဇွန်လအတွင်း ဟိုတယ်နှင့်တည်းခိုခန်းများ၊ စားသောက်ဆိုင်များ၊ အဝေးပြေး ကားလိုင်းများ၊ အငှားကားများ ပြန်လည်ပြေးဆွဲနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် guidelines များနှင့် လေကြောင်းလိုင်းများ၊ လေဆိပ်များ ပြန်လည်စတင်နိုင်ရန် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် guidelines များ စုပေါင်းပြီး Tourism National Guidelines အဖြစ် ထုတ်ပြန်သွားမည် ဖြစ်သကဲ့သို၌ COVID-19 အလွန် ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ဘုရား၊ စေတီပုထိုးများ၊ ပြတိုက်နှင့် ပန်းခြံများအား ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်သွားနိုင်ရေးအတွက် ပြည်တွင်းခရီးသွားများ လိုက်နာရမည့် ခရီးသွားညွှန်ကြားချက်များကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းထုတ်ပြန်သွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် လည်ပတ်နိုင်သည့် ခရီးစဉ်အသစ်များ ဖော်ဆောင်နိုင်သည့် အစီအစဉ်များကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

COVID-19 ရောဂါ ဘေးကင်းရန် လိုက်နာရမည့် SOP များနှင့် ပြည်တွင်းခရီးသွားလုပ်ငန်းကို တစ်ဆင့်ခြင်း ပြန်လည်စတင်၍ အသားကျလာသည့်အခါ အာရှဒေသတွင်း ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရန် target market အဖြစ် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့နှင့် Travel Bubble ဆောင်ရွက်နိုင်ရန်နှင့် ထိုမှတစ်ဆင့် ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံများနှင့် အာရှခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် တိုးချဲ့လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း။ အာရှနိုင်ငံများမှ ခရီးသွားများကို COVID ရောဂါ ဘေးကင်းရန် လိုက်နာရမည့် SOP များနှင့် ဝန်ဆောင်မှုပေးရာတွင် အသားကျပါက နိုင်ငံတကာ ခရီးသွားများကို ဖိတ်ခေါ်လက်ခံကြိုဆိုပြီး မြန်မာ့ခရီးသွားလုပ်ငန်းကို ရာနှုန်းပြည့် ပြန်လည်စတင်မည် ဖြစ်ပါကြောင်း။

 

COVID အလွန်ကာလ ခရီးသွားလုပ်ငန်းများသည် ယခင်နှင့်မတူဘဲ ပြောင်းလဲသွားမည်ဖြစ်ပါကြောင်း၊ New Normal ဆိုသည့် အခြေအနေသစ်တွင် ပြည်သူလူထု၏ ဘေးကင်းလုံခြုံရေးကို မထိခိုက်စေဘဲ ခရီးသွားလုပ်ငန်းကို တဆင့်ပြီးတစ်ဆင့် ပြန်လည်စတင်သွားရန် ဝန်ကြီးဌာနက ချမှတ်ထားသည့် လမ်းညွန်မြေပုံနှင့်အညီ ခရီးသွားလုပ်ငန်း အသင်းအဖွဲ့များနှင့် နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများ၏ Reopening အပိုင်းတွင် ပါဝင်သည့် SOP များကို အကောင်အထည်ဖော် လိုက်နာနိုင်ရန်နှင့် ပတ်သက်၍ လုပ်ငန်းရှင်များနှင့် ခရီးသည်များအနေဖြင့် မည်သို့ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်မည်နှင့် မည်သို့အရေးကြီးသည် ဆိုသည့်မေးခွန်း၊ ကိုဗစ်-၁၉ ကာလအလွန် ခရီးသွားဧည့်သည်များ ပြန်လည်ဝင်ရောက်လာမည့် အချိန်တွင် ရောဂါကူးစက်မှုထိန်းချုပ်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် မည်သို့ စီမံဆောင်ရွက်သွားမည်ကို သိရှိလိုသည့်မေးခွန်း၊ လက်ရှိအချိန်တွင် ဟိုတယ်နှင့် ခရီးသွားကဏ္ဍအတွင်းရှိ လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများအတွက် ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ ပံ့ပိုးဆောင်ရွက်နေသည်ကို သိရှိလိုသည့် မေးခွန်းနှင့် ကိုဗစ်-၁၉ အလွန်တွင် Tourism Road Map နှင့် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ သိရှိလိုသည့် မေးခွန်းတို့အပေါ် ဒုတိယဝန်ကြီး ဦးတင်လတ်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်တို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

 

သတင်းစဉ်