မန္တလေး ၁၅ မတ်
ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် လတ်တလောဖြစ်ပွားနေသည့် Covid-19 ဂယက်ကြောင့် ပြည်သူများ စိုးရိမ်ပူပန်စွာ ဆန်များ လိုက်လံ ဝယ်ယူစုဆောင်းမှုများရှိနေသဖြင့် ဆန်စပါးအတွက် အခက်အခဲများ ဖြစ်ပေါ်လာပါက မန္တလေးတိုင်းဒေသကြီး ဆန်စပါးကုန်သည်များအသင်းမှ သာမန်ပေါက်ဈေးဖြင့် လိုသလောက် ရောင်းချပေးရန် စီစဉ်ထားရှိကြောင်း အဆိုပါအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်က ပြောကြားသည်။
လက်ရှိတွင် ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ဆန်စပါးပမာဏသည် စားသုံးမှုထက် ပိုမိုထွက်ရှိနေသဖြင့် ဆန် ပြတ်လပ်မှု မရှိနိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်ရန်မလိုကြောင်း သိရသည်။
''ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာလိုက်တဲ့ Covid-19 ဂယက်ကြောင့် ပြည်သူတွေက စိုးရိမ်ထိတ်လန့်ပြီး ဆန်အပါအဝင် အခြားလူသုံးကုန်ပစ္စည်းတွေကို ဒီရက်ပိုင်းမှာ လိုက်ပြီး ဝယ်ယူစုဆောင်းနေတာတွေ ရှိလာတယ်။ ဒီလို ဝယ်ယူခြင်း အားဖြင့် ဆန်စပါးဈေးကွက်မှာ မလိုအပ်တဲ့ ဈေးနှုန်းတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ပါတယ်။ ပြည်တွင်းမှာ စားသုံးဖို့အတွက် ဆန်က အလုံအလောက်ရှိပါတယ်။ ၂၀၁၈-၂၀၁၉ ခုနှစ် စစ်တမ်းတွေအရ ပြည်တွင်းမှာ ဆန်တန်ချိန် ၁၃ သန်းလောက် စားသုံးတယ်လို့ သိရတယ်။ ထွက်ရှိတာက အဲဒီ ပမာဏထက် အများကြီးပိုပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ဆန်ပြတ်လပ်မှုမရှိနိုင်ဘူးလို့ အခိုင်အမာ ပြောရဲတာပါ။ လတ်တလောမှာ စိုးရိမ်ပူပန်ပြီး အပူတပြင်း ဝယ်စရာမလိုပါဘူး။ အကယ်၍ ဆန်စပါးအတွက် အခက်အခဲ ကြုံမယ်ဆိုရင် ကျွန်တော်တို့ အသင်းက စုပေါင်းပြီး သာမန်ပေါက်ဈေးအတိုင်း အိတ်အရေအတွက်ကို အကန့်အသတ် မရှိဘဲ လိုသလောက် ရောင်းချပေးဖို့ အစီအစဉ် ရှိပါတယ်။ အိတ်အရေအတွက်ကို အကန့်အသတ် မထားဘဲ ရောင်းချပေးတာက ကျွန်တော်တို့မှာ ဆန်အလုံအလောက်ရှိတယ် ဆိုတာကို သိစေချင်လို့ပါ'' ဟု ၎င်းက ပြောသည်။
၂၀၁၅ ခုနှစ်အတွင်းက တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် စိုက်ပျိုးဧရိယာများ ပျက်စီးခဲ့သည့် အချိန်၌ပင် ဆန်နှင့်ပတ်သက်၍ အဆင်ပြေစေမှုရှိစေရန် လုပ်ဆောင်နိုင်ခဲ့သဖြင့် ယခု အခြေအနေတွင်လည်း ဆန်အတွက် စိုးရိမ်ပူပန်မှုမထားဘဲ မိမိ၏ ကျန်းမာရေးအတွက်သာ ဂရုပြုစောင့်ရှောက်ကြစေလိုကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ထို့ပြင် ယခုရက်ပိုင်းအတွင်း၌ စိုးရိမ်ပူပန်မှုဖြင့် ဆန်များဝယ်ယူမှုရှိသော်လည်း ဆန်ဈေးနှုန်းအား ဈေးမြင့်၍ ရောင်းချခြင်း မရှိကြောင်း၊ မိမိတို့ပွဲရုံ၌လည်း ရောင်းချရန် ဆန်အများအပြား သိုလှောင်ထားကြောင်းနှင့် ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် စားသောက်ကုန်ဖြစ်သည့်အတွက် ဆန်ပြတ်လပ်မှုရှိမည်ကို စိုးရိမ်ပူပန်ရန်မလိုကြောင်း မန္တလေးမြို့ ဆန်လက်လီလက်ကား ရောင်းချသည့် ဆံပြနွယ်ပွဲရုံမှ မယမင်းသွယ်က ပြောသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


