(၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ကျွန်တော်တို့၏ လုပ်ဖော်ကိုင်ဖက် ဆရာဝန်၊ သူနာပြုများနှင့် ကျွမ်းကျင်ပညာရှင်များသည် ပြည်သူ့ဆေးရုံကြီးများ၊ COVID-19 ကုသရေးဌာနများ၌ လူနာများ ရောဂါအမြန်ဆုံးပျောက်ကင်းစေရန် အတွက်လည်းကောင်း၊ သေဆုံးမှု နည်းပါးစေရန်အတွက်လည်းကောင်း နေ့မနား၊ ညမအား အလွန်ပင်ပန်းစွာ မိမိကိုယ်ကျိုးကိုမငဲ့ဘဲ ဆောင်ရွက်လျက်ရှိကြပါတယ်။
ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှုပေးရာ၌ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆေးရုံများ၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ အဖက်ဖက်မှ အတတ်နိုင်ဆုံး ထောက်ပံ့ ပံ့ပိုးပေးလျက် ရှိပါတယ်။
ယခုအချိန်တွင် ကျွန်တော်တို့သည် ဆေးရုံများ၌ လူနာများ အဆင်ပြေစွာဆေးကုသမှု ခံယူနိုင်ရန်အတွက် ဆေးတက္ကသိုလ်များ၊ ဆေးနှီးနွှယ်တက္ကသိုလ်များမှ လူ့စွမ်းအားအရင်းအမြစ်များကို ဆေးရုံများ၌လည်းကောင်း၊ နောက်ထပ်ဖွင့်လှစ်မည့် ယာယီ COVID-19 ကုသရေးဌာနများ၌ လည်းကောင်း၊ အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာနများ၌ လည်းကောင်း၊ လက်ရှိ Quarantine center များ၌ လည်းကောင်း၊ နောက်ထပ်ဖွင့်လှစ်မည့် Quarantine center များ၌လည်းကောင်း၊ တာဝန်များ ခွဲဝေချထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။
ဆေးရုံများ၌ တာဝန်ထမ်းဆောင်နေသော ဆရာဝန်၊ ဆရာမများနှင့် နှီးနွှယ်ပညာ ရှင်များ သက်တောင့်သက်သာ အဆင်ပြေစွာ နေထိုင်နိုင်ရန်အတွက် ဟိုတယ်များနှင့် အခြားကောင်းမွန်စွာ နေထိုင်နိုင်ရန် အစီအမံများ ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။
အလားတူစွာ တိုင်းဒေသကြီး/ပြည်နယ်များမှ ပြည်သူ့ကျန်းမာရေး ပညာရှင်များကလည်း ပြည်တွင်း၌ ကူးစက်ပျံ့နှံ့မှုအရှိန်လျော့ပါး၍ ရပ်ဆိုင်းသွားစေရန် ဝန်ကြီးဌာနမှ ချမှတ်ထားသော လုပ်သင့်လုပ်ထိုက်သည့် နည်းဗျူဟာများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့နှင့် လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အထူးကြိုးစား ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပါတယ်။
ဗဟိုမှ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးတာဝန်ခံများမှလည်း တစ်နိုင်ငံလုံး၏ အခြေအနေ အရပ်ရပ်ကို ပြည်သူ့ကျန်းမာရေးနှင့် ကပ်ရောဂါဗေဒ ရှုထောင့်မှ အချိန်နှင့်တစ်ပြေးညီသုံးသပ်ပြီး ထွက်ပေါ်လာသည့် တွေ့ရှိချက်များအပေါ်မူတည်၍ လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်ရန် သက်ဆိုင်ရာ တာဝန်ခံများသို့ အချိန်နှင့်တစ်ပြေးညီ အသိပေးပြီး ဆောင်ရွက်လျက်ရှိပါတယ်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြ သော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၊ အဖွဲ့အစည်းများနှင့် အလှူရှင်များ အားလုံး ကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကိုယ်စား အထူးကျေးဇူးတင် ဝမ်းမြောက်ဂုဏ်ယူ မှတ်တမ်းတင်ပါကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။
ယခုအချိန်မှာ ရောဂါပိုးက ထင်မှတ်ထားသည်ထက် ကူးစက်မှုမြန်ဆန်လာတာ တွေ့နေရပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာပြည်သူ/ ပြည်သားများ မည်သူ့ကိုမျှ ထပ်မံ ရောဂါမကူးစက်စေလိုပါ။ မည်သူ့ကိုမျှ အသက်မဆုံးရှုံးစေလိုပါ။
တစ်ချိန်တည်းမှာပင် ကျွန်တော်တို့ရဲ့ ကျန်းမာရေးဝန်ထမ်းများ ရောဂါကူးစက်ခံရမှု မရှိစေရန်အတွက် ရောဂါပိုးကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ (Infection prevention and control measures) ကို အားဖြည့်ဆောင်ရွက်လျက်ရှိပါတယ်။
ယခုအချိန်တွင် ပြည်သူများနှင့် ကျွန်တော်တို့ တာဝန်ရှိသူများအားလုံး ပူးပေါင်းပါဝင်ကာ တစ်ဦးကိုတစ်ဦး အရှိန်အဟုန်မြှင့် အားဖြည့်ပံ့ပိုး ဆောင်ရွက်ပါက ဤကပ်ရောဂါကို အချိန်တို အတွင်း ထိန်းချုပ်နိုင်ပြီး ကူးစက်မှု လျော့နည်းရပ်တန့်သွားနိုင်မည်ဖြစ်ကြောင်း ယုံကြည်ပါတယ်။
ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန