နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၃)ရက်
မြန်မာနိုင်ငံတွင် COVID - 19 ဓာတ်ခွဲအတည်ပြုလူနာကို (၂၃-၃-၂၀၂၀) ရက်နေ့တွင် စတင်တွေ့ရှိခဲ့ကာ ဧပြီလဒုတိယအပတ်နှင့် တတိယအပတ်တို့တွင် ဓာတ်ခွဲ အတည်ပြုလူနာများ ပိုမိုတွေ့ရှိခဲ့ရပြီး ဧပြီလနောက်ဆုံးအပတ်မှစ၍ လူနာသစ်တွေ့ရှိရမှု အနည်းငယ် လျော့နည်းလာခဲ့ပါသည်။
ထိုသို့ COVID - 19 လူနာသစ်တွေ့ရှိရမှု လျော့နည်းလာရခြင်းမှာ-
• ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့သူများအား စောစီးစွာရှာဖွေ ဖော်ထုတ်၍ အသွားအလာ ကန့်သတ်ထားရှိပြီး ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးခြင်း၊
• သံသယရောဂါလက္ခဏာ ရှိသူများကို စောင့်ကြည့်လူနာများအဖြစ် သတ်မှတ်၍ ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးခြင်း၊ ပြည်ပမှဝင်ရောက်လာသူများကို သတ်မှတ်နေရာ အဆောက်အဦများတွင် ထားရှိ၍ အသွားအလာ ကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုခြင်း၊
• ပြည်ပနိုင်ငံများမှ ခရီးသည်ဝင်ထွက်မှုအား လျှော့ချကန့်သတ်နိုင်ခြင်းကြောင့် ပြည်ပမှ ရောဂါကူးစက် ဝင်ရောက်မှု နည်းပါးလာခြင်း၊
• လူစုလူဝေးများပြုလုပ်ခြင်းများကို တားမြစ်ထားခြင်း၊
• ပြည်သူများအနေဖြင့် မိမိအိမ်အတွင်း၌သာ နေထိုင်ခြင်း (stay at home)၊ တစ်ဦးနှင့် တစ်ဦး ထိတွေ့မှုနည်းပါးအောင် နေထိုင်ခြင်း (social distancing)၊ လက်ကို မကြာခဏ စနစ်တကျ ဆေးခြင်းနှင့် ပြင်ပသို့ သွားလာချိန်များတွင် ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်မှု များပြားလာခြင်း စသည့် ရောဂါကူးစက်ဖြစ်ပွားမှု ကွင်းဆက်များအား ဖြတ်တောက်သည့် ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကြောင့် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် COVID - 19 ကူးစက်ဖြစ်ပွားမှုကို ယခုအခါ အတိုင်းအတာတစ်ခုအထိ ကာကွယ်ထိန်းချုပ်နိုင်ပြီ ဖြစ်သော်လည်း ပြည်သူလူထုအတွင်း ရောဂါကူးစက် ဖြစ်ပွားမှု ရှိနေဆဲဖြစ်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် ယနေ့အထိ တွေ့ရှိထားသော ဓာတ်ခွဲအတည်ပြုလူနာ (၁၅၁) ဦး၏ (၅၇) % ခန့်တွင် ရောဂါလက္ခဏာ ပြသခြင်းမရှိဘဲ ရောဂါပိုးရှိနေခြင်းကို တွေ့ရှိရပါသည်။ ပြည်သူလူထုအတွင်း ရောဂါပိုး ကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာ မပြသသူများ (သို့မဟုတ်) သာမာန်ရောဂါလက္ခဏာများသာ ရှိသူများသည် ဆေးရုံ/ ဆေးခန်း၊ ကျန်းမာရေးဌာနများသို့ လာရောက်ပြသမှု မရှိခြင်းများ ရှိနေနိုင်ပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ထိုသို့လာရောက်ပြသမှုမရှိသော လူနာများကို စောင့်ကြည့်လူနာနှင့် သံသယလူနာများအဖြစ် သတ်မှတ်၍ ဓာတ်ခွဲစစ်ဆေးမှု မပြုလုပ်နိုင်ခြင်းနှင့် ဓာတ်ခွဲစစ်ဆေးမှုအရေအတွက် နည်းပါးနေသေးခြင်းတို့ကြောင့် COVID - 19 ဓာတ်ခွဲအတည်ပြု လူနာသစ်တွေ့ရှိရမှု လတ်တလောနည်းပါးနေခြင်းလည်း ဖြစ်နိုင်ပါသည်။
ယခုအခါ၌ -
• ရောဂါဖြစ်ပွားမှုများပြားနေသည့် နိုင်ငံများဖြစ်သည့် စင်ကာပူ၊ ဂျပန်နှင့် ကိုရီးယားသမ္မတနိုင်ငံစသည့် နိုင်ငံများမှ မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာမည်ဖြစ်ခြင်း၊
• ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ အစုလိုက် ပြန်လည် ဝင်ရောက်လာမည် ဖြစ်ခြင်း၊
• ယခင်ပိတ်ထားသော စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ခြင်း တို့ကြောင့် ရောဂါကူးစက် ပြန့်ပွားမှုများ များပြားလာနိုင်ပါသည်။
သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်းများအားလုံးနှင့် လုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်နေသူများ အားလုံးတို့အနေဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ဓာတ်ခွဲအတည်ပြု လူနာများနှင့် အနီးကပ် ထိတွေ့သူများအား ရှာဖွေဖော်ထုတ် စုံစမ်းခြင်းနှင့် အသွားအလာ ကန့်သတ်ခြင်းအစရှိသည့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန် လျှော့ချခြင်းမပြုဘဲ ဆက်လက် ဆောင်ရွက်ကြရန် အထူးအရေးကြီးပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် COVID - 19 ဓာတ်ခွဲစစ်ဆေးမှုများ ပိုမိုပြုလုပ်နိုင်ရန် ဓာတ်ခွဲခန်းများကို အဆင့်မြှင့်တင်ခြင်းနှင့် ဓာတ်ခွဲနမူနာများ ပိုမိုရယူ စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့်လည်း တတ်နိုင်သမျှ မိမိတို့နေအိမ်အတွင်း၌သာ နေထိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ထိတွေ့မှု နည်းပါးစေရေးခပ်ခွာခွာ နေထိုင်ခြင်းနှင့် လက်ကိုမကြာခဏ စနစ်တကျဆေးခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းစသည့် ရောဂါလက္ခဏာများရှိပါက အနီးဆုံး ကျန်းမာရေးဌာနတွင် ပြသခြင်းစသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား ဆက်လက်လိုက်နာ ဆောင်ရွက်ကြပါရန် ထပ်မံတိုက်တွန်းအပ်ပါသည်။
ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန


