လွိုင်ကော် ၂၉ မတ် 

 

COVID -19 ရောဂါကာကွယ်ရေးအတွက်  လွိုင်ကော်မြို့နယ်နှင့် ရှားတောမြို့နယ်တို့တွင် Facilities Quarantine ထားရှိသည့် နေရာများအား ယနေ့ နံနက်ပိုင်းက  ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိသူများသည် ကယားပြည်နယ်အတွင်း အဝင်/အထွက်သွားလာသည့် ဝင်ပေါက်များမှ စနစ်တကျ ကျန်းမာရေး စစ်ဆေးမှုခံယူပြီး ဝင်ရောက်စေရေး၊ ပြည်ပနိုင်ငံများမှ နေရပ်ပြန်များဖြစ်ပါက မိမိတို့၏နေအိမ်များသို့ ပြန်လည်နေထိုင် စေခြင်းမရှိဘဲ စစ်ဆေးရေးဂိတ်များ မှတစ်ဆင့် သက်ဆိုင်ရာမြို့နယ်အလိုက် ဖွင့်လှစ်ထားသည့် Facilities Quarantine နေရာများသို့ တိုက်ရိုက်စေလွှတ် ဆောင်ရွက်နိုင်ရေး၊ Facilities Quarantine များ ဖွင့်လှစ်ရာတွင်လည်း အတတ်နိုင်ဆုံး လူစုလူဝေးနှင့် ထားရှိခြင်းမျိုး မဟုတ်ဘဲ ဆရာဝန်များ၏ ညွန်ကြားချက်အတိုင်း နေထိုင်စေရေးနှင့် စောင့်ကြည့်လူနာများမှတစ်ဆင့် အချင်းချင်း ကူးစက်ပြန့်ပွားမှုမရှိဘဲ ထိန်းချုပ်နိုင်စေရေးတို့ကို စစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှားတောမြို့နယ် ပွန်ချောင်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ပြီး ထိုင်းနိုင်ငံ နယ်စပ် BP(9) ဝင်ပေါက်နှင့် အခြားသော လမ်းကြောင်းများမှ ပြန်လည်ရောက်ရှိလာသူများအား စစ်ဆေး ဆောင်ရွက်နိုင်ရေး ပွန်ချောင်းစစ်ဆေးရေးဂိတ်နှင့် စလောင်းကျေးရွာ စစ်ဆေးရေးဂိတ်များသို့ သွားရောက်ကာ အဆိုပါ ဂိတ်များတွင် နယ်စပ်ဝင်/ထွက်ပေါက်များမှ ပြန်လည်ဝင်ရောက်လာမည့်သူများအား ကျန်းမာရေး စစ်ဆေးဆောင်ရွက် ရန် စီမံထားရှိမှုများနှင့် ဝန်ထမ်းများ တာဝန်ပေးအပ်ထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ကာ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးဌာနမှ ညွှန်ကြားချက်များအတိုင်း စနစ်တကျ ဆောင်ရွက်ကြရန်နှင့် လိုအပ်သည့်စစ်ဆေးရေးဆိုင်ရာ ပစ္စည်းများကိုလည်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှားတောမြို့နယ် အထက (ရှားတော)ကျောင်းသို့ သွားရောက်ပြီး နေရပ် ပြန်လာသူများအား Facilities Quarantine ဆောင်ရွက်ထားမှုများ၊ ၎င်းတို့အတွက်စားသောက်၊ နေထိုင်ရေး စီမံဆောင်ရွက်ထားမှုများ၊ နေ့စဉ် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပေးမှုများ၊ လုပ်ငန်းဆောင်ရွက်စဉ် လိုအပ်ချက်များ ရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ပေးရန်ဖြစ်ကြောင်း မှာကြားခဲ့သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က  လွိုင်ကော်မြို့နယ်အတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည် ဝင်ရောက်လာသူများအား Facilities Quarantine ဆောင်ရွက်ပေးလျက်ရှိသော လွိုင်ကော်မြို့ အား/ကာသိပ္ပံကျောင်း၊ သူနာပြုသင်တန်းကျောင်းရှိ (၂) ထပ် စာသင်ဆောင် နှင့် သာသနာ့ဗိမာန်တော်သို့ သွားရောက်ပြီး ကူညီဆောင်ရွက် ပေးလျက်ရှိသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးဌာနမှ ညွှန်ကြားထားသည့် အတိုင်းဖြစ်စေရေး၊ စောင့်ကြည့်ခြင်း ခံရသူများအနေနှင့် စားသောက်နေထိုင်ရေး အဆင်ပြေစေရန်၊ သောက်သုံးရေများအတွက် တစ်ဦးသုံး သောက်ရေသန့်ဗူးများဖြင့် အသုံးပြုစေရေး၊ နေ့စဉ် ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်ရာတွင်လည်း ကျန်းမာရေးဝန်ထမ်းများအနေနှင့် သတ်မှတ်ဝတ်စုံပြည့် ဝတ်ဆင်ပြီး သတ်မှတ်အကွာအဝေး များအတိုင်း စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်နှင့် ဖျားနာသည့် လူနာများတွေ့ရှိလာပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

ထွန်းလေး