နေပြည်တော် ၂၃ မတ်

“Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး           သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ” ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်၏ Country Director ၊ Mr. Gevorg Sargsyan အား ယနေ့နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံရာတွင် Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များတွင် ကမ္ဘာ့ဘဏ်အနေဖြင့် ပါဝင်ကူညီနိုင်မည့် အခန်းကဏ္ဍများနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက COVID-19 ရောဂါသည် အလွန်လျင်မြန်စွာ  ကူးစက်နိုင်သည့် ကပ်ရောဂါဖြစ်၍ ကာကွယ်ရေးလုပ်ငန်းစဉ်များကို မြန်မာနိုင်ငံအနေဖြင့် အစိုးရတစ်ဖွဲ့လုံး သာမက ပြည်သူအားလုံးကပါ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID 19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့်ဖွဲ့စည်းထားပြီး  ရောဂါကြိုတင်ကာကွယ်ရေးနှင့် စောင့်ကြပ်ကြည့်ရှု့ရေးအတွက်လည်းကောင်း၊ ကုသရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရေးကိုလည်းကောင်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် COVID 19 နှင့်စပ်လျဉ်း၍ သတိချပ်ပြီး ကျန်းမာရေးဆိုင်ရာ အသိပညာများတိုးပွားစေရန် သတင်းမီဒီယာများ၊ ရုပ်သံလိုင်းများအပြင် Social မီဒီယာမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ အသိပေးလျက်ရှိပါကြောင်း၊ ယခုအချိန်အထိ မြန်မာနိုင်ငံတွင် ရောဂါလက္ခဏာရှိသည့် လူနာများ မတွေ့ရှိရသေးသော်လည်း အစိုးရနှင့်ပြည်သူတို့ ပူးပေါင်းကာ COVID 19 ကာကွယ်ရေး လုပ်ငန်းစဉ်ကို အစဉ်တစိုက် ဂရုပြု လုပ်ဆောင်နေပါကြောင်း၊ ထို့အပြင် COVID 19 ကြောင့် ထိခိုက်သည့် စီးပွားရေးလုပ်ငန်းများကို ကုစားဆောင်ရွက်ပေးမည့် အစီအစဉ်အဖြစ် မြန်မာ ကျပ်ငွေ ၁၀၀ ဘီလီယံကို ရန်ပုံငွေထူထောင်ပြီး လုပ်ငန်းအဖွွဲ့များကို စနစ်တကျ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ ကမ္ဘာ့ဘဏ်က အကူအညီများပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေမှုအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

 

World Bank call photo

 

ကမ္ဘာ့ဘဏ်၏ Country Director Mr. Newin Sinsiri က ကမ္ဘာ့ဘဏ်အနေဖြင့် COVID-19 စိန်ခေါ်မှုကို ရင်ဆိုင်နေရသည့် နိုင်ငံများကို ချေးငွေ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ ပံ့ပိုးကူညီပေးသွားမည် ဖြစ်ရာ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ကို Fast Track Facility ဖြင့် ပေးအပ် သွားမည်ဖြစ်ကြောင်း၊ ယခုအခါ ကမ္ဘာ့ဘဏ်၏ ပညာရှင်အဖွဲ့က မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် ထိခိုက်နိုင်ခြေများကို အသေးစိတ် ခန့်မှန်းတွက်ချက်လျက်ရှိပြီး မကြာမီကာလတွင်  မြန်မာအစိုးရဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးနှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ ပါဝင် တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)