ချောင်းသာ ၂၉ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ စုပေါင်းရုံးအစည်းအဝေးခန်းမဆောင်တွင် ယနေ့နံနက်(၁၀)နာရီက COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် လူအဝင်အထွက်များအား စနစ်တကျ ထိန်းချုပ်ကန့်သတ်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးပွဲကို ကျင်းပခဲ့သည်။
အစည်းအဝေးတွင် လက်ရှိစောင့်ကြပ်စစ်ဆေးလျက်ရှိသည့် ဥတိုတံတားဂိတ်တွင် ချောင်းသာမြို့COVID-19ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို စနစ်တကျ စစ်ဆေးလုပ်ဆောင်ရန်၊ စစ်ဆေးခံရသူများမှ ကျန်းမာရေးတစ်စုံတစ်တရာ ပေါ်ပေါက်ပါက တိုက်နယ်ဆရာဝန်ထံ ချက်ချင်းသတင်းပို့ရန်နှင့် ဒေသတွင်း ကူးစက်ပျံ့ပွားမှုများ မဖြစ်ပေါ်စေရေး၊ အထွေထွေကိစ္စရပ်များကို ချောင်းသာမြို့အုပ်ချုပ်ရေးမှူးဦးကျော်သူ၊ ချောင်းသာတိုက်နယ်ဆရာဝန်နှင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးကော်မတီများမှ တာဝန်ရှိသူများက ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမောင် (ပြန်/ဆက်)


